
ဘဏ်အပ်ငွေမှန်သမျှကို သိမ်းဆည်းလိုက်ကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကြေညာလိုက်တယ်ဆိုပြီး ဗွီဒီယိုတခု ယူကျူ့မှာ ဒီဇင်ဘာ ၂၁ ရက်ကဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်း နေတယ်။ သတင်းတုသတင်းမှား သာဖြစ်တယ်။
အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ Celegram 1M အမည်နဲ့ ယူကျူ့ချန်နယ်က ဖြန့်ဝေထားတဲ့ ပျံ့နှံ့မှုအားကောင်းနေတဲ့ဗွီဒီယိုကို ရယူထားခြင်းဖြစ်တယ်။
“တစ်နိုင်ငံလုံး သတင်းဆိုး (၂၁) ရက်နေ့ ဘဏ်မှာအပ်ထားတဲ့ ငွေမှန်သမျှ သိမ်းကြောင်း မင်းအောင်လှိုင် ကြေငြာ”

မူရင်းလင်ခ့် – Yotube link | Archive link
အချက်အလက်စိစစ်ချက်
အရင် Cele Corner 1M အမည်ကနေ Celegram 1M လို့အမည်ပြောင်းထားတဲ့ ဒီယူကျူ့ချန်နယ်ကို ကြည့်မယ် ဆိုရင် ထင်ယောင်ထင်မှားဖြစ်ဖွယ် အကြောင်းအရာတွေ သို့မဟုတ် သတင်းတုတွေ ဖြန့်ချိလေ့ရှိတာတွေ့ရ ပါတယ်။ ဒီယူကျူ့ချန်နယ်နဲ့ ပတ်သတ်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်ကို ဒီလင့်ခ်မှာ ကြည့်ပါ။
ဗွီဒီယိုအစမှာပြသတဲ့ Thumbnail ဓာတ်ပုံထဲမှာ မြန်မာစစ်ခေါင်းဆောင်က ဘဏ်အပ်ငွေတွေကို သိမ်းဆည်း ကြောင်း ကြေညာလိုက်တယ်လို့ဆိုထားတဲ့အပြင် ၁ မိနစ်နဲ့ ၁၁ စက္ကန့်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲကအသံဖိုင်မှာ လည်း စစ်ခေါင်းဆောင်က စစ်အသုံးစရိတ်လိုအပ်တာကြောင့် ဘဏ်တွေမှာ အပ်ထားတဲ့ ငွေတွေကို ထုတ်ယူခွင့် မပေးတော့ဘဲ သိမ်းယူလိုက်တယ်လို့ အစီအစဉ်တင်ဆက်သူက ထပ်ပြီးပြောခဲ့သလို့ ဒီသတင်းကြောင့် တနိုင်ငံလုံးက အထက်တန်းလွှာ၊ အလယ်တန်းလွှာနဲ့ အောက်တန်းလွှာအာလုံးလန့်နေကြပြီလို့လည်း ဗွီဒီယိုထဲမှာ ပြောဆိုထားပါသေးတယ်။
ဒါပေမဲ့ ဒီအကြောင်း အရာကို သတင်းလုပ်ငန်း အဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ တစုံတရာဖော်ပြချက် မတွေ့ရပါဘူး။
ဒီလိုအမိန့်နဲ့ ညွှန်ကြားချက်ကို အခြားယုံကြည်ရသော သတင်းအရင်းအမြစ်တခုတလေက မျှဝေထားတာ လည်းမရှိပါဘူး။
သုံးသပ်ချက်
ဘဏ်အပ်ငွေတွေကို သိမ်းဆည်းလိုက်ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင်ကြေညာတယ်ဆိုတာ သတင်းတုသတင်းမှား ဖြန့်ချိမှုသာဖြစ်တယ်။ ယုံကြည်ရတဲ့ သတင်းအရင်းအမြစ် တခုတလေက ဒီသတင်းကို ဖော်ပြထားတာ မတွေ့ရပါဘူး။ ထို့အပြင် Celegram 1M အမည်နဲ့ ဒီယူကျူ့ချန်နယ်ဟာ သတင်းတု၊ သတင်းမှာတွေ၊ ထင်ယောင်ထင်မှားဖြစ်စေတဲ့ လုပ်ကြံ သတင်းခေါင်းစဉ်တပ် ဗွီဒီယိုတွေ ဖြန့်ချိလေ့ ရှိတာတွေ့ရပါတယ်။

Title:Fact Check: ဘဏ်အပ်ငွေတွေကို သိမ်းဆည်းလိုက်ကြောင်း စစ်ခေါင်းဆောင်ကြေညာတဲ့ သတင်းတု
Written By: နေရာမောင်Result: False