Fact Check: အတုအယောင်တွေအသုံးပြုပြီး ဆီးချိုကုသနိုင်တယ်လို့ကြော်ငြာနေတဲ့ Gluco Pro

Misleading ကျန်းမာရေး၊ | Health

အွန်လိုင်းဈေးရောင်းဈေးဝယ်လုပ်ငန်းတွေမှာ ဆီးချိုကုသနိုင်တယ်လို့ကြော်ငြာနေတဲ့ Gluco Pro ဟာ အချက်အလက်မှားတွေအသုံးပြုပြီး လူတွေကိုလှည့်စားနေတာ Fact Crescendo Myanmar ကသတိပြုမိပါ တယ်။ အောက်ပါ screenshot ကတော့ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့မှုအားကောင်းခဲ့တဲ့ပို့စ်တစ်ခု ဖြစ်ပါတယ်။

မူရင်းလင်ခ့် – FB linkArchive link  

အထက်ပါမျှဝေထားတဲ့လင့်ခ်ကို ဝင်ကြည့်မယ်ဆိုရင် Gluco Pro ကဆီးချိုရောဂါကို ကုသရေးမှာ မြန်မာနိုင်ငံက ဆရာဝန်တွေက ညွှန်းဆိုနေတဲ့ဆေးအဖြစ်ဖော်ပြထားပြီး  ဈေးကွက်ထဲကဆေးတွေထက် ပိုမိုအကျိုးဖြစ်ထွန်း တယ်လို့လည်းဆိုပါတယ်။ ၂၀၁၇ ခုနှစ်က နေပြည်တော်ရှိ Endocrinology and Interventional Radiology‌ သုတေသနမှလည်း ဒီဖြည့်စွက်စာဟာ ကမ္ဘာပေါ်ရှိ ဖြည့်စွက်စာများထက် ပို၍အကျိုး အာနိသင်ရှိတယ်လို့ ထောက်ခံကြောင်းဆိုပါတယ်။

အချက်အလက်စိစစ်ချက် 

“Gluco Pro”ဆိုတဲ့စကားလုံးနဲ့ အွန်လိုင်းမှာအချက်အလက်ကိုရှာဖွေကြည့်မယ်ဆိုရင် အွန်လိုင်းဈေးရောင်းဈေး ဝယ်ဝက်ဘ်ဆိုဒ်အချို့မှာ ဒီကုန်ပစ္စည်းကို ကြော်ငြာရောင်းချနေတာတွေ့ရပေမဲ့ အတုအယောင်နဲ့ အချက်အလက် မှားတွေအသုံးပြုပြီး ကြော်ငြာနေတဲ့ Gluco Pro ဆီးချိုဆေးဟာ အမေရိကန် အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲ မှုဌာနလို ဆေးဝါးအာဏာပိုင်အဖွဲ့ရဲ့ ဆေးဝါး သို့မဟုတ် အစားအစာစာရင်းမှာ မတွေ့ရပါဘူး။ ၂၀၁၇ ခုနှစ်က ကွယ်လွန်သွားပြီဖြစ်တဲ့ အပြင်မှာ တကယ်မရှိတော့တဲ့ ဂျပန်သက်တော်ရှည်သမားတော် ဟီနိုးဟားရ(Shigeaki Hinohara)ရဲ့ဓာတ်ပုံကိုအသုံးပြုပြီး အခုလိုပဲ Gluco Pro ဟာအစွမ်းထက်တဲ့အကြောင်း၊ သူ့က အသုံးပြုဖို့ညွှန်ဆို ကြောင်း ရေးသားထားတဲ့ ဆောင်းပါးကို Fact Crescendo Myanmar ကအချက်အလက်စိစစ်ထားတာ ဒီလင့်ခ်မှာကြည့်ပါ။ 

အခုလည်း အင်တာဗျူးမှာဖြေဆိုတဲ့သူဟာ “Almazov Center of the Institute of Endocrinology – မီခေးလ်ဗစ်တိုဗစ် ဂိုစ့်တူယူနင်မှ ဆီးချိုသွေးချိုရောဂါ၏ သွေးကြောဆိုင်ရာ နယ်ပယ်တွင် ဦးဆောင်ပါရဂူ ပါမောက္ခ၊ ဆေးသိပ္ပံ၏ ကိုယ်စားလှယ်လောင်း၊ အမြင့်ဆုံး ဆရာဝန်တစ်ဦးဖြစ်သည်။”လို့ဆိုတာနဲ့ပတ်သက်ပြီး ကြည့်ရအောင်ပါ။ တကယ်တော့ဓာတ်ပုံဟာ ရုရှားနိုင်ငံ မော်စကိုမြို့တော်ဝန် ဆာဂျေး ဆဗျာညံ(Sergey Sobyanin)ရဲ့ ဓာတ်ပုံဖြစ်ပါတယ်။

၂၀၁၉ ခုနှစ် ဩဂုတ် ၁၆ ရက်က မော်စကိုက ဓာတ်ခွဲခန်းတစ်ခုကို ဆာဂျေး ဆဗျာညံသွားရောက်လေ့လာစဉ်က ဓာတ်ပုံဖြစ်ပါတယ်။ သူဟာ ဆေးပညာနဲ့ဘွဲ့ရသူလည်း မဟုတ်ပါဘူး။

“မော်စကိုရှိဆေးခန်း ၅၀ ကျော်ကို ပြန်လည်ပြင်ဆင်မယ်လို့ ဆဗျာညံပြော”ဆိုတဲ့ သတင်းခေါင်းစဉ်နဲ့ TV  Center သတင်းဌာနကဖော်ပြပါတယ်။

မူရင်းလင်ခ့် – TVCArchive link  

Gluco Pro သောက်ဖို့ညွှန်းတဲ့ ဆီးချိုဆရာဝန်ဓာတ်ပုံနဲ့ မော်စကိုမြို့တော်ဝန် ဆာဂျေး ဆဗျာညံဓာတ်ပုံကို အောက်ပါအတိုင်းယှဉ်ကြည့်နိုင်ပါတယ်။

အခုလို့ဝက်ဘ်ဆိုဒ်ကနေ ဆေးအမှာစာတင်နိုင်တယ်ဆိုပြီးတော့ ညွှန်ဆိုရောင်းချတာကလွဲလို့ မြန်မာနိုင်ငံက ဆေးဆိုင်တွေမှာလည်း ဒီဆေးကို ဆီးချိုကုသဖို့အတွက် အသုံးပြုတယ်ဆိုတဲ့အထောက်အထားမရှိပါဘူး။ တကယ်တော့ ဆီးချိုဟာ ကုသပျောက်ကင်းတဲ့ရောဂါတစ်မျိုးမဟုတ်ပါဘူး။ အနေအထိုင်အစားအသောက်ဟာ ဆီးချိုထိန်းချုပ်ရေးမှာ အဓိကကျတဲ့အချက်တစ်ချက်ဖြစ်တာလည်းတွေ့ရပါတယ်။ ဖြည့်စွက်အစားအစာတစ်ခုခု သုံးမယ်ဆိုရင် ဆေးချိုဝေဒနာရှင်တွေအနေနဲ့ ဆရာဝန်နဲ့တိုင်ပင်သင့်တာလည်းတွေ့ရပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ ဆီးချိုရောဂါကို ကုသနိုင်တဲ့အစွမ်းထက်တယ်ဆိုတဲ့ Gluco Pro ဟာ အွန်လိုင်းဈေးရောင်းဈေးဝယ်ဝက်ဘ်ဆိုဒ်တွေမှာ ရောင်းချနေတာကလွဲလို ဆေးဝါးအာဏာပိုင် အဖွဲ့လိုမျိုး အဖွဲ့တွေက ညွှန်ဆိုတဲ့ဆေးဝါးဆိုတာမဟုတ်ပါဘူး။ ထို့အပြင် ဆီးချိုအထူးကုဆရာဝန် အဖြစ်မျှဝေထားတဲ့ ဓာတ်ပုံဟာ မော်စကိုမြို့တော်ဝန် ဆာဂျေး ဆဗျာညံ(Sergey Sobyanin)ရဲ့ ဓာတ်ပုံသာ ဖြစ်ပါတယ်။

Avatar

Title:Fact Check: အတုအယောင်တွေအသုံးပြုပြီး ဆီးချိုကုသနိုင်တယ်လို့ကြော်ငြာနေတဲ့ Gluco Pro

Fact Check By: နေရာမောင် 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *