Fact Check: ၂၀၁၅ ခုနှစ်က KIA တပ်ကြပ်တစ်ဦးအလင်းဝင်ခဲ့တဲ့ပုံကို လက်ရှိအဖြစ် အပျက်အဖြစ်မျှဝေ

Misleading နိုင်ငံရေး | Politics

စစ်စိမ်းရောင်ပျောက်ကျားအင်္ကျီဝတ်အမျိုးသားတစ်ဦးဓာတ်ပုံနှင့်အတူ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ ၁ လက်အောက်ခံ တပ်ကြပ်ကြီးတစ်ဦးဟာ စစ်ကောင်စီထံ အလင်းဝင်လာတယ်လို့ ရေးသားထားတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်မှာ ပျံ့နှံ့လျက်ရှိပါတယ်။ 

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်က မြစ်ကြီးနားမြို့နေ ဇနီးမောင်နှံကို ပူတာအိုမြို့မှ အပြန် ဆွမ်ပရာဘွမ်မြို့နယ် ခင်ဒူယာန်ကျေးရွာအထွက်မှာ KIA နဲ့ PDF ပူးပေါင်းအဖွဲ့ ကားရပ်ခိုင်းတာ မရပ်လို့ ပစ်သတ်တာကို မကျေနပ်လို့ အခုလို အလင်းဝင်တာလို့လည်း ဒီပျံ့နှံ့ခဲ့တဲ့ပို့စ်တွေမှာ ဖော်ပြထားပါတယ်။

သို့သော် ဓာတ်ပုံပါအမျိုးသား ၂၀၁၅ ခုနှစ်အတွင်းက KIA ဆီကအလင်းဝင်လာတဲ့ အမျိုးသားဖြစ်တာ တွေ့ရပါတယ်။ 

အောက်ပါစာသားတွေကတော့ ဓာတ်ပုံနဲ့အတူ ပျံ့နှံ့လျက်ရှိတဲ့ပို့စ်ပါ စာသားအချို့ဖြစ်ပါတယ်။

“ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၁ လက်အောက်ရှိ တပ်ရင်း ၇ မှ တပ်ကြပ်ကြီး တစ်ဦးသည် လက်နက်အပြည့်အစုံဖြင့် စစ်ကောင်စီတပ်ထံသို့ ယခုရက်ပိုင်းအတွင်း  အလင်းဝင်ရောက်လာတယ်လို့ ခိုင်မာသည့် သတင်းရင်းမြစ်များထံမှ သိရသည်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့က မြစ်ကြီးနားမြို့နေ အမျိုးသားတစ်ဦးသည် ​ဇနီးဖြစ်သူနှင့်အတူ ​စျေးရောင်းပြီး ပူတာအိုမြို့မှ အပြန် ဆွမ်ပရာဘွမ်မြို့နယ် ခင်ဒူယာန်ကျေးရွာအထွက်တွင် KIA နှင့် PDF ပူးပေါင်းအဖွဲ့မှ ဆက်ကြေးကောက်ရန် ကားအား ရပ်တန့်ခိုင်းစဥ် ကားမှာ အရှိန်မထိန့်နိုင်သဖြင့် ဆက်မောင်းသွားခဲ့သည့်အပေါ်ကျေနပ်သဖြင့် KIA စစ်သားတစ်ဦးမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ အဆိုပါအမျိုးသားသည် ကျည်ထိမှန်ခဲ့ပြီး သေဆုံးခဲ့သည့် ဖြစ်စဥ် ဖြစ်ပွားခဲ့သည်။ အဆိုပါ သေဆုံးခဲ့သူရဲ့ အလောင်းကိုပင် မြစ်ကြီးနားသို့ ပြန်သယ်ဆောင်ခွင့်ကိုတောင် KIA မှ ခွင့်မပြုခဲ့ဟု သိရသည်။ သေဆုံးသူသည် ရှမ်းအမျိုးသားတစ်ဦးဖြစ်နေခြင်းကြောင်း သယ်ဆောင်ခွင့် မပြုတာ ဖြစ်နိုင်ကြောင်း ဒေသခံတချို့က သုံးသပ်ပြောဆိုခဲ့သည်။” စသည်ဖြင့် ရေးသားပြီး “Мин Чит Оо”အမည်နဲ့ဖေ့စ်ဘွတ် အသုံးပြုသူက ဖေဖော်ဝါရီ ၂၀ ရက်က မျှဝေထားတာတွေ့ရပါတယ်။ အလားတူရေးသားမျှဝေမှုတွေကို ဒီနေရာဒီနေရာဒီနေရာဒီနေရာဒီနေရာဒီနေရာနဲ့ဒီနေရာမှာလည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb linkArchive link 

အချက်အလက်စိစစ်ချက်

Google မှာပုံရှာနည်းအသုံးပြုပြီး ဓာတ်ပုံကို ရှာဖွေကြည့်ရာမှာ ဒီဓာတ်ပုံဟာ ၂၀၁၅ ခုနှစ်ကတည်းက ပျံ့နှံ့လျက်ရှိတာတွေ့ရပါတယ်။

Themeltingpot4u အမည်နဲ့ သတင်းဘလော့ဂ်မှာ “ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ အင်ဂျန်းယန် မြို့နယ်ခွဲ အတွင်း လုံခြုံရေး တာဝန် ထမ်းဆောင်လျက် ရှိသော တပ်မတော် စစ်ကြောင်းထံ သို့ ဇန်နဝါရီ ၁၂ ရက် နံနက် ၈ နာရီ ၁၅ မိနစ်ခန့်တွင် KIA (ကချင်) လက်နက်ကိုင် အဖွဲ့ ရင်း(၄) လက်အောက်ခံ ၁၇ မိုင်စခန်း မှ တပ်ဖွဲ့ဝင် တစ်ဦးဖြစ်သော လှိုင်ဝင်းထွန်း ၂၃ နှစ်သည် အမ်-၂၂ တစ်လက်၊ ၎င်းကျည် ၉၈ တောင့်၊ ကျည်အိမ်သုံးခု၊ လက်ပစ်ဗုံး တစ်လုံး တို့နှင့်အတူ ဥပဒေဘောင် အတွင်း ဝင်ရောက် ခဲ့သည်။”လို့ စသည်ဖြင့် စချီ ရေးသား ထားပါတယ်။

မူရင်းလင်ခ့် – Themeltingpot4uArchive link 

ထို့အပြင် အဓိကကျတဲ့စကားလုံးအချို့ကို အသုံးပြုပြီး အကြောင်းအရာကို ရှာဖွေကြည့်ရာမှာ ဒီယခုလို KIA တပ်ကြပ်တစ်ဦး KIA နဲ့ PDF လုပ်ရပ်မကြိုက်လို့ အလင်းဝင်တယ်ဆိုတဲ့ အချက်အလက်မျိုး စစ်တပ်သတင်း ထုတ်ပြန်ရေးဝက်ဘ်ဆိုဒ်အပါအဝင် မီဒီယာတွေမှာ မတွေ့ရပါဘူး။

သုံးသပ်ချက်

အထက်ပါအချက်အလက်အရ ဓာတ်ပုံဟောင်းတစ်ပုံကို အသုံးပြုပြီး KIA တပ်ကြပ်တစ်ဦး KIA နဲ့ PDF လုပ်ရပ်မကြိုက်လို့ အလင်းဝင်တယ်လို့ ရေးသားပြီး သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။

Avatar

Title:Fact Check: ၂၀၁၅ ခုနှစ်က KIA တပ်ကြပ်တစ်ဦးအလင်းဝင်ခဲ့တဲ့ပုံကို လက်ရှိအဖြစ် အပျက်အဖြစ်မျှဝေ

Fact Check By: Nayar Maung 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *