Fact Check: ၂၀၁၉ ခုနှစ်က Line Walker ရိုက်ကူးရေးပုံရိပ်ကို ဆူးလေမှာ ပစ်ခတ် မှုဖြစ်ပုံအဖြစ်မျှဝေနေ

False လူမှုရေး

ဆူးလေမှာ ပစ်ခတ်မှုဖြစ်ပွားတယ်လို့ရေးသားပြီး ကားတွေတိမ်းမှောက်လျှက် လမ်းမထက်မှာ ဖရိုဖရဲ ဖြစ်နေတဲ့ ဓာတ်ပုံ ၄ ပုံကို  လူမှုကွန်ယက်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေလျှက်ရှိပါတယ်။ ဓာတ်ပုံတွေမှာ ရန်ကုန်မြို့လယ် ဆူးလေလမ်းမှာ အဖြူရောင်ကား တစ်စီး လမ်းမထက်မှာ တိမ်းမှောက်နေပုံ၊ အမည်းရောင်ကား တစ်စီး လမ်းဘေး ပလက်ဖောင်းမှာ ပက်လက်လန်နေပုံတွေနဲ့အတူ လမ်းမထက်မှာ ဖရိုဖရဲဖြစ်နေတဲ့ပုံ၊ လူတွေဝိုင်းအုံကြည့်နေတဲ့ပုံတွေပါဝင်ပါတယ်။ 

သို့သော် ဒီသတင်းဟာ မှားယွင်းပါတယ်။ ဓာတ်ပုံတွေဟာ Line Walker 2 အမည်ရ ဇာတ်ကားရဲ့ ဇာတ်လမ်း ရိုက်ကူးရေးက ပုံတွေဖြစ်ပါတယ်။

 “01-06-2021 ယနေ့ နေ့လည် 12:00 လောက်က ဆူးလေ မြို့ထဲ ပစ်ခတ်မှုဖြစ်ပွား”လို့ ရေးသားပြီး“Søe Min”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားရာမှာ ၂၄ နာရီအတွင်း ပြန်လည်မျှဝေတဲ့အကြိမ်ပေါင်း ၉၇၀ ကျော်ရှိပါတယ်။ အလားတူ ရေးသားမျှဝေမှုတွေကို ဒီနေရာဒီနေရာနဲ့ ဒီနေရာ မှာလည်း တွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb linkArchive link 

အချက်အလက်စိစစ်ချက်

အခြားလွတ်လပ်သော သတင်းအဓိကလုပ်ကိုင်နေတဲ့ သတင်းမီဒီယာတွေမှာ ဒီလို ဆူးလေမှာ ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး ကားတွေတိမ်းမှောက်ခဲ့ တယ်ဆိုတဲ့ သတင်းဖော်ပြချက်မျိုးမတွေ့ရပါဘူး။

ဆူးလေပစ်ခတ်မှုအဖြစ် မျှဝေထားတဲ့ ပို့စ်တွေအောက်က မှတ်ချက်တွေမှာ Line Walker  2 ရိုက်ကူးရေးက ဓာတ်ပုံတွေလို့ မှတ်ချက်တွေ ရေးသားထားတာလည်းတွေ့ရပါတယ်။ Line Walker 2  ဇာတ်ကားရဲ့ ဇာတ်ဝင်ခန်းတစ်ချို့ကို ရန်ကုန်မြို့မှာ Shaw Brother Pictures ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီက ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလထဲမှာ လာရောက်ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ 

Google မှာ “Line Walker 2 ရိုက်ကူးရေး”စတဲ့ အဓိကျတဲ့ စကားလုံးအချို့ကို အသုံးပြုပြီးရှာဖွေရာမှာ ဒီပုံပါ မြင်ကွင်းတွေကို ဖော်ပြထားတဲ့ ရုပ်ရှင်ရိုက်ကူးရေး လာကြည့်သူ တစ်ဦးက ပြန်လည်မျှဝေထားတဲ့ ဗွီဒီယိုကို တွေ့ရပါတယ်။ ဒီဗွီဒီယိုထဲမှာဆိုရင် ဖောက်ခွဲမှုအပြီးမှာ လမ်းဘေးပလက်ဖောင်းပေါ်ကို ပက်လက်အနေအထား တိမ်းမှောက်သွားတဲ့ အနက်ရောင်ကားတစ်စီးကို တွေ့မြင်ရပါတယ်။ ဒီလိုကားနက်တစ်စီး ပေါက်ကွဲပြီး မြောက်တတ်လာတဲ့ ဗွီဒီယိုတစ်ခုကိုလည်း “Line Walker 2 Shooting in Myanmar”လို့ရေးသားပြီး Channel 980 အမည်နဲ့ youtube အကောင့်မှာမျှဝေထားပါသေးတယ်။

အခြားသော ကားလမ်းမထက်မှာ တိမ်းမှောက်နေတဲ့ ကားတစ်စီးကို ဒီဗွီဘီ သတင်းဌာနက ဖော်ပြခဲ့တဲ့ Line Walker 2 ရိုက်ကူးရေးအကြောင်းဖော်ပြတဲ့ သတင်းဗွီဒီယိုတစ်ခုမှာတွေ့ရပါတယ်။

မူရင်းလင်ခ့် – DVB TV NewsArchive link

ဇွန် ၁ ရက်နေ့က ဆူးလေပစ်ခတ်အမှုလို့ ပြောဆိုပြီး ဆူးလေလမ်းမထက်မှာ ကားတွေတိမ်းမှောက်လျှက်ရှိတဲ့ ဓာတ်ပုံနဲ့  ၂၀၁၉ ခုနှစ်က ဖေဖော်ဝါရီလအတွင်းက Line Walker 2 ဇာတ်ကားရိုက်ကူးမှုမှတ်တမ်းတင်ထားတဲ့ ဒီဗွီဘီသတင်းဌာနက မှတ်တမ်းဗွီဒီဒီယိုက screenshot တစ်ခုကို အောက်ပါအတိုင်းယှဉ်ကြည့်နိုင်ပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ ဆူးလေလမ်းမထက်မှာ ကားတွေ တိမ်းမှောက်လျှက်ရှိတဲ့ ဓာတ်ပုံဟာ ၂၀၁၉ ခုနှစ်က ဖေဖော်ဝါရီလအတွင်းက Line Walker 2 ဇာတ်ကားအတွက် ဇာတ်ကွက်အချို့ ရိုက်ကူးရေးက ပုံဖြစ်ပါတယ်။

Avatar

Title:၂၀၁၉ ခုနှစ်က Line Walker ရိုက်ကူးရေးပုံရိပ်ကို ဆူးလေမှာ ပစ်ခတ် မှုဖြစ်ပုံအဖြစ်မျှဝေနေ

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *