Fact Check: မြိတ်ရဲစခန်းနှုတ်ထွက်လိုက်တဲ့ ရဲတပ်ဖွဲ့ဝင်တွေအဖြစ် မျှဝေနေတဲ့ သတင်းမှား

False လူမှုရေး

မြိတ်မြို့မှာရဲစခန်းတစ်ခုလုံး နှုတ်ထွက်တယ်လို့ရေးသားပြီး ရဲအရာရှိနဲ့ ရဲတပ်သားအချို့ပုံများနှင့်အတူ ရေးသားမျှဝေထားတဲ့ပို့စ်ကို  လူမှုကွန်ယက်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေလျှက်ရှိပါတယ်။ 

သို့သော် ဒီသတင်းဟာ မှားယွင်းသလို ဓာတ်ပုံတွေဟာလည်း မတ်လကတည်းက အင်တာနက်မှာပျံ့နှံ့ လျက်ရှိပြီး အခြားသော ရဲစခန်းတွေက စစ်အုပ်ချုပ်ရေးကို ဖိဆန်မှုလုပ်ခဲ့တဲ့ ရဲအရာရှိနဲ့ ရဲတပ်သားအချို့ရဲ့ ပုံဖြစ်ပါတယ်။

 “မြိတ် ရဲစခန်းတခုလုံး  တာဝန်မှ နှုတ်ထွက်.👮 အမြင်မှန်ရသူများ အသက်ရှည်၏”လို့ ရေးသားပြီး“KoKo Naing”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားရာ ပြန်လည်မျှဝေတဲ့အကြိမ်ပေါင်း ၅ ထောင် ၉ ရာ ကျော်ရှိပါတယ်။ အလားတူ ရေးသားမျှဝေမှုတွေကို ဒီနေရာဒီနေရာဒီနေရာဒီနေရာနဲ့ ဒီနေရာ မှာလည်း တွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb linkArchive link 

အချက်အလက်စိစစ်ချက်

အခြားလွတ်လပ်သော သတင်းအဓိကလုပ်ကိုင်နေတဲ့ သတင်းမီဒီယာတွေမှာ မြိတ်ရဲစခန်းတစ်ခုလုံး တာဝန်မှ နှုတ်ထွက်ခဲ့တယ်ဆိုတဲ့ သတင်းဖော်ပြချက်မျိုးမတွေ့ရပါဘူး။ မဇ္ဈိမသတင်းဌာနက ဒီလို မြိတ်ရဲစခန်းတစ်ခုလုံး နှုတ်ထွက်တယ်ဆိုတာ မှားယွင်းတဲ့ သတင်းဖြစ်တယ်လို့ ဒေသခံကို ကိုးကားပြီးရေးသားပါတယ်။

Google မှာမြိတ်ရဲစခန်းက နှုတ်ထွက်ခဲ့တဲ့သူတွေအဖြစ် မျှဝေထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဓာတ်ပုံတွေကို ရှာကြည့်မယ်ဆိုရင် စစ်အာဏာရှင်ဆန့်ကျင်ရေး သင်္ကေတဖြစ်တဲ့ လက်သုံးချောင်းထောင်နေတဲ့ ရဲအရာရှိဟာ မတ် ၅ ရက်က စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီးကြောင်း ကြေညာခဲ့တဲ့ ဒုရဲမှူးကျော်ဟိန်းဖြစ်ပါတယ်။ 

အဆိုပါအရာရှိဟာ “Kyaw Hein” အမည်နဲ့သူ့ရဲ့ဖေ့စ်ဘွတ်အကောင့်ကတစ်ဆင့် စစ်အစိုးရအောက်မှာ တာဝန်ထမ်းမည်မဟုတ်ကြေင်း ကြေညာခဲ့တာလည်းတွေ့ရပါတယ်။ ဒုရဲမှူးကျော်ဟိန်းဟာ ပဲခူးမြို့ အမှတ်(၁)လုံခြုံရေး ရဲတပ်ဖွဲ့ခွဲမှ ရဲတပ်ဖွဲ့ရေးရာအရာရှိဖြစ်ပါတယ်။ 

မတ် ၅ ရက်မှာ “WAW သတင်းစုံ”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာကလည်း ဒီသတင်းကိုမျှဝေထား တာတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb linkArchive link 

ဒီရဲအရာရှိဓာတ်ပုံအပါဝင် အခြားသော ရဲတပ်သား ၃ ယောက်ရဲ့ ဓာတ်ပုံတွေကို ပဲခူးရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ဝတ်စုံချွတ်ပြီး ပြည်သူနှင့် ပူးပေါင်းလို့ ကိုရီးယားဘာသာစကားနဲ့ရေးသားထားတဲ့ ရေးသားထားတဲ့ သတင်းတစ်ခုမှာ ဒီဓာတ်ပုံကို တွေ့ရပါတယ်။ ယင်းသတင်းဖော်ပြချက်မှာ မတ်လထဲမှာ ပဲခူးရဲစခန်းက CDM မှာပါဝင်လာသူ ရဲတပ်သား စည်သူလွင်နဲ့ ရဲတပ်သား နေမျိုးထက်တို့ ဓာတ်ပုံတွေလည်းပါဝင်ပါတယ်။

မူရင်းလင်ခ့် – TistoryArchive link

သုံးသပ်ချက်

မြိတ်ရဲစခန်းတစ်ခုလုံး နှုတ်ထွက်တယ်ဆိုတဲ့ အချက်အလက်ဟာ တစ်စုံတစ်ရာအထောက်အထားမရှိချိန်မှာ ဓာတ်ပုံတွေဟာ မတ်လအတွင်းက ပဲခူးရဲစခန်းကနေ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဖိဆန်ခဲ့ကြတဲ့ ရဲအရာရှိနဲ့ ရဲတပ်သားဓာတ်ပုံဖြစ်နေပါတယ်။ ဒါကြောင့် လူမှုကွန်ယက်မှာ ပျံ့နှံ့လျက်ရှိတဲ့ မြိတ်ရဲစခန်းတစ်ခု လုံးနှုတ်ထွက်တယ်ဆိုတဲ့ အချက်ဟာ သတင်းမှားတစ်ခုဖြစ်တာတွေ့ရပါတယ်။

Avatar

Title:မြိတ်ရဲစခန်းနှုတ်ထွက်လိုက်တဲ့ ရဲတပ်ဖွဲ့ဝင်တွေအဖြစ် မျှဝေနေတဲ့ သတင်းမှား

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *