နေပြည်တော်မှာ တပ်ရင်းလိုက် ညတွင်းချင်းထွက်ပြေးမှုဖြစ်ပွားတယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေလျှက်ရှိရာ ကြည့်ရှူ့မှုများပြားလျှက်ရှိပါတယ်။ တကယ်တော့ သတင်းတုဖြန့်ချိ နေခြင်းဖြစ်တယ်။

၈ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုအစမှာ “Khit Thit အတည်ပြုကြေညာလိုက်ပြီ နေပြည်တော် အထိုင်တပ်ရင်းတခုလုံး ညကတပြိုင်နက် ထွက်ပြေး ကုန်ပြီ” စသည်ဖြင့်ရေးသားပြီး “Share Local Media”အမည်နဲ့ ယူကျူ့ချန်နယ်က စက်တင်ဘာ ၁၂ ရက်မှာ မျှဝေထားရာမှာ နာရီပိုင်းအတွင်း ဒီဗွီဒီယို ကြည့်ရှု့မှုပေါင်း ၃၀၀၀၀ ကျော်ရှိပါတဘ်။

အောက်ပါစခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုဖြစ်တယ်။ ဒီနေရာနဲ့ ဒီနေရာမှာလည်း အလားတူဖြန့်ဝေထားတာတွေ့ရပါတယ်။

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

ဒီယူကျူ့ချန်နယ်တွေဟာ သတင်းမီဒီယာအချို့မှာဖော်ပြပြီးနောက် ရေပန်းစားခဲ့တဲ့ သတင်းတွေကို သတင်း ခေါင်းစဉ်တု ဒါမှမဟုတ် နားလည်မှု လွဲစေနိုင်တဲ့ ခေါင်းစဉ်မှားတွေတပ်ပြီး ပြန်လည်ဖြန့်ဝေတဲ့ ယူကျူ့ချန်နယ် တွေဖြစ်တာတွေ့ရပါတယ်။ အခုလည်း ဗွီဒီယိုထဲမှာ “နေပြည်တော် အထိုင်တပ်ရင်းတခုလုံး ညကတပြိုင်နက် ထွက်ပြေးကုန်ပြီ”စသည်ဖြင့်ရေးသားထားပေမဲ့ ဗွီဒီယိုထဲမှာ ဒီအကြောင်းမပါဝင်ပါဘူး။ ဒီသတင်းကို အခြားသော ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေကလည်း ‌ဖော်ပြခြင်းမရှိပါဘူး။

အထက်မှာပြောခဲ့သလိုပဲ ၈ မိနစ်နဲ့ ၃၇ စက္ကန့်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ စစ်ကိုင်းမှာ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးအလုံး ၃၀ ကျော် ကြဲချတိုက်ခိုက်မှု၊ ယင်းမာပင်မှာ ကင်းထောက်ထွက်လာတဲ့ စစ်သားတဦးကို ပစ်ခတ်ဖမ်းဆီးရာ သေဆုံး၊ မုံရွာထောင်မှာ သပိတ်ခေါင်းဆောင်ကိုဝေမိုးနိုင်အပါအဝင် အစာငတ်ခံဆန္ဒပြတဲ့ နိုင်ငံရေးအကျဉ်းသား ၅၀ အထိရှိလာပြီး ဆန္ဒပြအကျဉ်းသားတွေအသက်အန္တရာယ်ရှိလာနေတဲ့အကြောင်း၊ ပုလောမြို့နယ်မှာ စစ်ကောင်စီစစ်ဆေးရေးဂိတ် PDF မီးရှို့ဖျက်ဆီး၊ ဖားကန့်မှာ KIA/PDF စခန်းကို စစ်ကောင်စီတပ်အလစ်အငိုက်ဖမ်းတိုက်ရာမှ တိုက်ပွဲအပြင်းအထန်ဖြစ်၊ ဆားလင်းကြီးမှာ စစ်ကောင်စီရေယာဉ်က မြစ်ကမ်းဘေးရွာတွေထဲ လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ၁ ဦးသေဆုံး ၂ ဦးဒဏ်ရာရတဲ့ စတဲ့ သတင်းတွေသာပါဝင်တယ်။

ထို့အပြင် အခြားသော ဒီလိုဆိုလိုထားတဲ့ “Burma Hot News” ဗွီဒီယိုကို လေ့လာရာမှာတော့ “အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တွင် ရှေ့တန်းထွက်ရမည်ကို စိုးရိမ်သဖြင့် ၂ လအတွင်း တပ်မှထွက်ပြေးသည့် အရာရှိစစ်သည် ၁၀၀ ကျော်ရှိ”ဆိုတဲ့ Ayeyarwaddy Times သတင်းဌာနက သတင်းကို ခေါင်းစဉ်လွဲတပ်ထားခြင်းဖြစ်တယ်။

သုံးသပ်ချက်

သတင်းမီဒီယာတွေမှာဖော်ပြခဲ့တဲ့ ရေပန်းစားခဲ့တဲ့ သတင်းတွေကို ခေါင်းစဉ်လွဲတပ်ပြီး ဗွီဒီယိုကို ဖြန့်ချိ ထားခြင်းဖြစ်တယ်။ တညထဲနဲ့ နေပြည်တော်အထိုင်တပ်ရင်းတခုလုံး ထွက်ပြေးတယ်ဆိုတဲ့ သတင်းဖော်ပြ ချက်မျိုး လွတ်လပ်တဲ့ မီဒီယာတွေအပါအဝင် ယုံကြည်ရလောက်တဲ့ သတင်းအရင်းမြစ်တွေက ဖော်ပြချက် မရှိပါဘူး။

ပြောဆိုချက်- နေပြည်တော်က အထိုင်တပ် တပ်ရင်းလိုက် ညတွင်းချင်းထွက်ပြေး

Avatar

Title:Fact Check: နေပြည်တော်မှာ တပ်ရင်းလိုက်ထွက်ပြေးတဲ့ သတင်းခေါင်းစဉ်တု

Written By: Zun Zee

Result: False