ပေါက်တော၊ မြောက်ဦး၊ မင်းပြားနဲ့ ရသေ့တောင်မြို့တွေကို ရက္ခိုင့်တပ်တော်(Arakan Army-AA)က သိမ်းပိုက် လိုက်ပြီလို့ ဆိုထားတဲ့ ပို့စ်တွေ ဖေ့စ်ဘွတ်နဲ့ ယူကျု့အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ နားလည်မှုလွဲစေ နိုင်တဲ့ သတင်းမှားဖြစ်တယ်။ စစ်ကောင်စီတပ်တွေနဲ့ AA တပ်တွေ အကြား ထိတွေ့ တိုက်ပွဲ တွေရှိပေမဲ့ မြို့တွေကို သိမ်းပိုက်လိုက်တယ်ဆိုတာမျိုးတော့ မဟုတ်ပါဘူး။ AA ဘက်က အတည်အလင်းကြေညာ တာမျိုးလည်း မရှိပါဘူး။

အောက်ပါစာသားတွေကတော့ ဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။

“၁၃ ရက် မင်းပြားမြို့၊ ရသေ့တောင်မြို့ သိမ်းပိုက်လိုက်ပြီဟေ့ စစ်ခွေး(၁၂၀)သေဆုံး၊ ရခိုင်တပ်( AA)ချပါပြီ”

တူညီတဲ့ ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာလည်းတွေ့ရပါတယ်။ ထို့အပြင် အလားတူရေးသားဖြန့်ဝေမှုဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link

ထို့အပြင် ဒီဖေ့စ်ဘွတ်စာမျက်နှာကပဲ နိုဝင်ဘာ ၂၂ ရက်မှာ ပေါက်တောမြို့ကို AA က ပြန်သိမ်းလိုက်ပြီး စစ်သား ၁၂၀ သေဆုံးကာ ၁၈ ဦးအရှင်ဖမ်းမိခဲ့ကြောင်းလည်း ဖြန့်ဝေထားပါသေးတယ်။ ဒီနေရာမှာကြည့်ပါ။

အချက်အလက်စိစစ်ချက်

ရှမ်းမြောက်ပိုင်းက ၁၀၂၇ စစ်ဆင်ရေးရဲ့ နောက်ဆက်တွဲအဖြစ် တကြော့ပြန်တိုက်ပွဲတွေ ရခိုင်ပြည်နယ်မှာ နိုဝင်ဘာ ၁၃ ရက်က ပြန်လည်စတင်ခဲ့တာတွေ့ရပါတယ်။ နှစ်ဦး နှစ်ဘက် တရားဝင်ဆွေးနွေးမှုမျိုးမဟုတ်ပေမဲ့ ရခိုင်မှာ AA နဲ့ မြန်မာစစ်တပ်တို့ ကာလအတန်ကြာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ငြိမ်သက်နေခဲ့ပါတယ်။ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်နဲ့ မောင်တော မြို့နယ် တွေမှာ နိုဝင်ဘာ ၁၃ ရက်ကစပြီး ရဲစခန်းနဲ့ နယ်ခြားစောင့်စခန်းအချို့ကို AA က စတင်ထိုးစစ်ဆင် သိမ်းပိုက်ခဲ့ပြီး မြို့နယ်အချို့က ရဲစခန်းတွေဟာ လက်နက်ချအညံ့ခံခဲ့ပါတယ်။

အခု သတင်းခေါင်းစဉ်လွဲတပ် ဗွီဒီယိုပါအကြောင်းအရာတွေဟာလည်း ဒီအကြောင်းအရာတွေပဲဖြစ်ပြီး မီဒီယာ အချို့ကဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူဖော်ပြထားခြင်းသာဖြစ်တယ်။ ထို့အပြင် ပေါက်တောမြို့ကို AA သိမ်းပိုက်လိုက်ပြီဆိုတဲ့ သတင်းဟာ လူထုနွေဦးသတင်းဌာနက သတင်းဖော်ပြချက်ဖြစ်တဲ့ “ပေါက်တောမြို့ကို ယနေ့ညတွင် AA သိမ်းပိုက်နိုင်ဟု​ဒေသခံများ​ပြော”တဲ့ သတင်းကို ဖော်ပြထားခြင်းဖြစ်တာတွေ့ရပါတယ်။ ဒီသတင်းမှာ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်မှ ၁၀၀ခန့် သေဆုံးသလို ၁၈၀ထက် မနည်းကို အရှင်ဖမ်းမိ ထားကြောင်း AAနှင့်နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးကပြောပြီး အသေးစိတ်ကို အတည်မပြုနိုင်သေး ကြောင်းလည်း ရေးသားထားပြီး ည ၇ နာရီဝန်းကျင်မှာတော့ မြို့ကို AA က သိမ်းပိုက် လိုက်ပြီလို့လည်း လူထုနွေဦးသတင်းမှာဖော်ပြပါတယ်။

AA ရဲ့ တရားဝင်သတင်းထုတ်ပြန်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။ တကြော့ပြန်တိုက်ပွဲဖြစ်ခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်ကနေ ယနေ့အထိထုတ်ပြန်ချက်မှာတော့ မြို့ပေါ်တွေမှာ AA အနေနဲ့ အုပ်ချုပ်ရေးစတင်ပြီဆိုတဲ့ အကြောင်းဖြစ်စေ မြို့တွေကို သူတို့သိမ်းပိုက်ထားတဲ့အကြောင်းဖြစ်စေဖော်ပြချက်မျိုး တရားဝင်ထုတ်ပြန်ချက် မရှိပါဘူး။ ပေါက်တောမြို့ကို သိမ်းပိုက်ထားတဲ့အကြောင်းမပါဝင်ပါဘူး။ နိုဝင်ဘာ ၂၁ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်ထဲမှာ စစ်ကိုင်းတိုင်း ထီးချိုင့်မြို့က တိုက်ပွဲဖြစ်ပွားမှုအထိပါဝင်ပေမဲ့ မြို့တွေကို သိမ်းပိုက်ထား တဲ့အကြောင်းမပါဝင်ဘဲ ပေါက်တောမြို့မှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဆက်လက် တိုက်ခိုက်ရှိတဲ့အကြောင်းနဲ့ ဓားစာခံတွေကို ဆက်လက်ကယ်ထုတ်လျက်ရှိတဲ့ အကြောင်းသာ ပါဝင်တယ်။

သုံးသပ်ချက်

အပြန်အလှန်တိုက်ခိုက်နေတာမျိုး အချိန်အများစုမှာ မရှိပေမဲ့ ရခိုင်ပြည်နယ်ရဲ့ မြောက်ပိုင်းဟာ AA ရဲ့ ဩဇာသက် ရောက်ရာ ဒေသအဖြစ် နိုင်ငံရေးလေ့လာသူတွေက သတ်မှတ်ကြပါတယ်။ အခုလည်း ရခိုင်ပြည်နယ် ပေါက်တော မြို့နယ်မှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်က ဖမ်းဆီးထားတဲ့ လူ ၁၀၀ ကျော်ကို ကယ်ထုတ်မှုအဖြစ် AA ကသတင်း ထုတ်ပြန်ပေမဲ့ မြို့ကို သိမ်းပိုက်ထားတဲ့အကြောင်းဖြစ်စေ မြို့မှာ အုပ်ချုပ်ရေးစတင်တဲ့အကြောင်းဖြစ်စေ ဖော်ပြ ချက်မရှိသေးပါဘူး။

ပြောဆိုချက်- မင်းပြား၊မြောက်ဦး၊ ရသေ့တောင်နဲ့ ပေါက်တောကို AA သိမ်းပိုက်လိုက်ပြီ

Avatar

Title:Fact Check: မင်းပြား၊မြောက်ဦး၊ ရသေ့တောင်နဲ့ ပေါက်တောကို AA သိမ်းပိုက်လိုက်ပြီ လား-မဟုတ်ပါ

Written By: နေရာမောင်

Result: Insight