Fact Check:  အာဂျင်တီးနားက စစ်‌ခေါင်းဆောင်ကို သေဒဏ်ပေးတဲ့ သတင်းတု

Misleading နိုင်ငံရေး | Politics

အာဂျင်တီးနာတရားရုံးက မြန်မာစစ်ခေါင်းဆောင်ကို အမြင့်ဆုံးပြစ်ဒဏ် သေမိန့်ချလိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုပို့စ်တခု ယူကျူ့မှာ ဖြန့်ဝေနေတာ ပျံ့နှံ့မှုအား ကောင်းလျှက်ရှိတာတွေ့ ရပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တုတပ်ဗွီဒီယိုဖြစ်တာတွေ့ရပါတယ်။

အောက်ပါစခရင်ရှော့နဲ့ စာသားက‌တော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ချန်နယ်တခုက ရယူထားခြင်းဖြစ်တယ်။

“အမြင့်ဆုံး ပစ်ဒဏ် သေမိန့်ကျပြီ 

ဒေါ်စုကယ်ခဲ့တုန်းက စော်ကားပြီး အခုပြေးမလွတ်တော့ဘူး

အဂျင်တီးနားနိုင်ငံရဲ့ ဖမ်းဝရမ်းနဲ့ စီရင်ချက်”(မူရင်းအရေးအသား)

မူရင်းလင့်ခ် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

အာဂျင်းတီးနားနိုင်ငံက မြန်မာစစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်တယ် သို့မဟုတ် သေဒဏ်ချမှတ်လိုက် တယ်ဆိုတဲ့ အထောက်အထား သတင်းမီဒီယာလုပ်ငန်းလုပ်ကိုင်နေတဲ့ သတင်းဌာနတွေမှာဖော်ပြချက်မရှိပါဘူး။ အခုလို အာဂျင်းတီးနားနိုင်ငံက မြန်မာစစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ပြီး သေဒဏ်ချလိုက်တယ်လို့ ပြောဆိုမျှဝေထားတဲ့ “Local Times”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ အခုလိုပဲ သတင်းခေါင်းစဉ်တုတပ်ပြီး သတင်းမီဒီယာက သတင်းတွေ ဖြန့်ချိလေ့ရှိတယ်။ Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက် တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။

အခုလည်း ဗွီဒီယိုအစမှာ ပြသတဲ့ ရုပ်ကတ်ဓာတ်ပုံစာသားမှာ လူစိတ်ဝင်စားမှုရယူဖို့အတွက် လုပ်ကြံသတင်း ခေါင်းစဉ်တပ်ထားပေမဲ့ ဗွီဒီယိုထဲပါအကြောင်းအရာဟာ VOA မြန်မာပိုင်းမှာ မေ ၁၉ ရက်ကဖော်ပြခဲ့တဲ့ “ရိုဟင်ဂျာအမှု အာဂျင်တီးနားတရားရုံး နိုင်ငံတကာဖမ်းဝရမ်းထုတ်နိုင်ဖို့ မျှော်လင့်”ဆိုတဲ့ အင်တာဗျူးနဲ့  အခြားသော သတင်းတွေကို ပြန်လည်မျှဝေနေခြင်းဖြစ်တယ်။ ၂၀၁၉ ခုနှစ်ကတည်းက စွဲတင်ခံထားရတဲ့အမှုမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအ၀င် စစ်ကောင်စီအဖွဲ့၀င် စစ်ဗိုလ်ချုပ်တွေကို အဓိက တရားခံတွေအဖြစ် စွပ်စွဲထားပြီး အာဂျင်တီးနားနိုင်ငံတရားရုံးမှာ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးအစီရင်ခံစာတင်သွင်းသူ ဟောင်း အာဂျင်တီးနားလူ့အခွင့်အရေးရှေ့နေ Tomas Quintina က အာဂျင်တီးနားတရားရုံးအနေနဲ့ မြန်မာ စစ်ခေါင်းဆောင်ကို နိုင်ငံတကာဖမ်းဝရမ်းထုတ်နိုင်ဖို့ မျှော်လင့်တယ်လို့ VOA မြန်မာပိုင်းနဲ့ တွေ့ဆုံမေးမြန်းမှုမှာ ဖြေကြားခဲ့တာဖြစ်တယ်။

သုံးသပ်ချက်

အာဂျင်တီးနာတရားရုံးက မြန်မာစစ်ခေါင်းဆောင်ကို အမြင့်ဆုံးပြစ်ဒဏ် သေမိန့်ချလိုက်တယ်ဆိုတာ မဟုတ်ပါဘူး။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအ၀င် စစ်ကောင်စီအဖွဲ့၀င် စစ်ဗိုလ်ချုပ်တွေကို အဓိက တရားခံတွေအဖြစ် စွပ်စွဲပြီး အာဂျင်တီးနားတရားရုံးမှာ တိုင်တန်းထားတဲ့အမှုမှာ အာဂျင်တီးနားတရားရုံးအနေနဲ့ နိုင်ငံတကာဖမ်းဝရမ်းထုတ်နိုင်ဖို့ မျှော်လင့်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူး အစီရင်ခံစာ တင်သွင်းသူဟောင်း အာဂျင်တီးနားလူ့အခွင့်အရေးရှေ့နေ Tomas Quintina ရဲ့ ပြောကြားချက်ကို လိုအပ်သလို ခေါင်းစဉ်တုတပ်ထားတယ်။

ပြောဆိုချက်- အာဂျင်တီးနာတရားရုံးက မြန်မာစစ်ခေါင်းဆောင်ကို အမြင့်ဆုံးပြစ်ဒဏ် သေမိန့်ချလိုက်တယ်

Avatar

Title:Fact Check: အာဂျင်တီးနားက စစ်‌ခေါင်းဆောင်ကို သေဒဏ်ပေးတဲ့ သတင်းတု

Fact Check By: နေရာမောင် 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *