
BGF ခေါင်းဆောင် စောချစ်သူ အဖမ်းခံရဆိုတယ်လို့ ဆိုထားတဲ့ ပို့စ်တစ်ခု ယူကျူ့မှာချန်နယ်တခုက ထပ်ခါတလဲ ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။
အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်း ကြည့်ပါတယ်။
“BGF ခေါင်းဆောင် စောချစ်သူ
အဖမ်းခံရတဲ့သတင်း
ဗိုလ်ကြီးနေမျိုးဇင် ကြေညာလာပြီ”

မူရင်းလင်ခ့် – Youtube link | Archive link
အချက်အလက်စိစစ်ချက်
KNA တဖြစ်လဲ BGF ခေါင်းဆောင် စောချစ်သူ အဖမ်းခံရတဲ့ သတင်းကို သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဖော်ပြချက်မရှိပါဘူး။ တကယ်တမ်း အခုဖြန့်ဝေနေတဲ့ “Update News Channel”အမည်နဲ့ ယူကျူ့ချန်နယ်ကို လေ့လာကြည့်ရာ စစ်အာဏာရှင်တော်လှန်ရေးမှာ တက်ကြွလှုပ်ရှားနေတဲ့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ရဲ့live လွှင့် ပြောဆိုချက်တွေ လိုအပ်သလိုသတင်းခေါင်းစဉ်တပ်ကာ ဒီချန်နယ်က အဓိကအားဖြင့် ပြန်လည် ဖြန့်ဝေနေတာတွေ့ရပါတယ်။
အခုလည်း ဗွီဒီယိုထဲမှာ တက်ကြွလှုပ်ရှားသူ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ရဲ့ စစ်အာဏာရှင်တော်လှန်ရေး ရှေ့ဆက်နေပုံနဲ့ တော်လှန်ရေး အင်အားစုတွေ အားကောင်းလာပုံအကြောင်းနဲ့ စစ်ကောင်စီ ဘက်တော်သားတွေက စိတ်ဓာတ်အကြီးအကျယ်ကျဆင်းလာနေသလို တဖြေးဖြေး အင်အားချိနဲ့လာတဲ့ အကြောင်းနဲ့ စစ်ကောင်စီရဲ့ ငရဲတမျှ စစ်ကြောရေးက တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ထောက်ပို့တပ်ဖွဲ့ဝင်တွေကို ညှင်းပန်းနှိပ်စက်တဲ့ ဗွီဒီယိုကို တော်လှန်ရေးတပ်ဖွဲ့တွေက လုပ်သယောင် အောက်ခြေစစ်သားတွေကို ပြသာကာ လုပ်ကြံဝါဒဖြန့်နေရကြောင်း၊ အရာရှိကြီးအချို့ သူဆီကို ဘက်ပြောင်းဖို့ ဆက်သွယ်လာနေကြောင်း စသည်ဖြင့် ပြောကြားနေတဲ့ ဗွီဒီယိုသာဖြစ်တယ်။
သုံးသပ်ချက်
BGF ခေါင်းဆောင် စောချစ်သူ အဖမ်းခံရဆိုတယ်ဆိုတာမဟုတ်ပါဘူး။ ယုံကြည်ရလောက်တဲ့ သတင်းအရင်း အမြစ်တွေကလည်း ဒီလိုဖော်ပြချက်မတွေ့ရပါဘူး။ “Update News Channel”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ စစ်အာဏာရှင်တော်လှန်ရေး တက်ကြွလှုပ်ရှားသူ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ရဲ့live လွှင့် ပြောဆိုချက်တွေ လိုအပ်သလိုသတင်းခေါင်းစဉ်လွဲ သို့မဟုတ် သတင်းခေါင်းစဉ်တုတပ်က ပြန်လည်မျှဝေနေခြင်းဖြစ်တယ်။
ပြောဆိုချက်- BGF ခေါင်းဆောင် စောချစ်သူ အဖမ်းခံရ

Title:Fact Check: BGF ခေါင်းဆောင် စောချစ်သူ အဖမ်းခံရဆိုပြီး မျှဝေနေတဲ့ သတင်းမှား
Fact Check By: နေရာမောင်Result: False