
ဒေါ်စုနဲ့ သမ္မတကို လွှတ်ပေးဖို့ တရုတ်ကို ကတိပေးလို့ အရင်အာဏာရှင်ဟောင်း ဦးသန်းရွှေကို စစ်တပ်က ဖမ်းဆီးလိုက်ပြီးနောက် တပ်တွင်းမှာ ပွတ်လောရိုက်ကုန်ပြီဆိုတဲ့ သတင်းတုဗွီဒီယိုပို့စ်တစ်ခု အွန်လိုင်း အသုံးပြုသူတွေရဲ့အကြားပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။
အောက်ပါစရင်ရှော့ကတော့ အွန်လိုင်းအသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ယူကျူ့ဗွီဒီယို တစ်ခုဖြစ်တယ်။ ဒီဗွီဒီယိုကို လက်ရှိအချိန်အထိ ကြည့်ရှူ့မှုပေါင်း ၄၀၀၀၀ ကျော်ရှိပါတယ်။ တူညီတဲ့ရေးသားဖြန့်ဝေမှုကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
ဗွီဒီယိုထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကို ပြန်လွှတ်ဖို့ အရင်စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ က တရုတ်ကို ကတိပေး၊ ဒီလိုကတိပေးလို့ စစ်တပ်က ဖမ်းဆီးလိုက်တယ်၊ ဦးသန်းရွှေကို ထောက်ခံတဲ့သူတွေက လက်ရှိအာဏာသိမ်းခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုက်ကို မကျေမနပ်ဖြစ်ကြတယ်စသည်ဖြင့် ရေးသားထားပေမဲ့ ဒီအချက်အလက်တွေနဲ့ ပတ်သက်ပြီး အခြားသောယုံကြည်ရလောက်တဲ့ သတင်းအရင်းမြစ် တွေအပါအဝင် သတင်းမီဒီယာလုပ်ငန်းအဓိကလုပ်ကိုင်တဲ့ သတင်းဌာနတွေမှာဖော်ပြချက်မတွေ့ရပါဘူး။
ဒီအပြင် ၈ မိနစ်ကျော်ရှည်လျားတဲ့ ဗွီဒီယိုထဲကို ဝင်ကြည့်မယ်ဆိုရင်တော့ ဗွီဒီယိုထဲမှာ ဒီလို ဦးသန်းရွှေက သမ္မတ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်ကိုကတိပေးတဲ့အကြောင်းအပါအဝင် ဒီလိုပြောလို အဖမ်းခံရတဲ့ အကြောင်းမျိုးလည်းမပါဝင်ဘဲ မီဒီယာတွေမှာဖော်ပြခဲ့တဲ့ “တရုတ်တစ်နိုင်ငံတည်းမူကို လိုက်နာသည်ဟု အာဏာရှင်ဟောင်း ဦးသန်းရွှေပြော”၊ “တရုတ်နိုင်ငံခြားရေး ဝန်ကြီးနဲ့ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ တွေ့ဆုံ”စတဲ့သတင်း ၂ ပုဒ်သာပါဝင်ပါတယ်။ ဒီသတင်း ၂ ပုဒ်ထဲမှာလည်း အရင်စစ်အာဏာရှင် ဦးသန်းရွှေက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးမယ်လို့ ပြောကြားမှု သို့မဟုတ် တရုတ်နိုင်ငံခြားရေးဝန်ကြီးက တောင်းဆိုမှုအကြောင်းမပါဝင်ပါဘူး။

အခြားသောသတင်းတွေကတော့ “ဘောလခဲတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ၇ ဦးသေဆုံးပြီး ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ”၊ “ကျောက်ပန်းတောင်းက ပွေးကျစ်ရဲစခန်း တိုက်ခိုက်ခံရ”၊ “အုတ်ဖိုမြို့နယ်၊ တာဝါတိုင်ရွာရှိ စခန်းကုန်းပေါ် တက်လာသည့် စစ်ကြောင်းကို မိုင်းဆွဲပြီး ၄၀ မမဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး”စတဲ့သတင်းတွေကို ဖော်ပြနေခြင်းဖြစ်ပါတယ်။
သုံးသပ်ချက်
မီဒီယာအချို့မှာဖော်ပြခဲ့တဲ့ သတင်းအချို့ကို ပြန်လည်ကူးယူဖော်ပြရာမှာ သတင်းခေါင်းစဉ်တု တစ်ခုအသုံးပြုပြီး စိတ်ဝင်စားမှုမြင့်တက်စေဖို့ ပြုချက်တစ်ခုသာဖြစ်ပါတယ်။ တကယ်တမ်းမှာ ဗိုလ်ချူပ်မှူးကြီးဟောင်းသန်းရွှေဟာ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးကို ကတိပေးခဲ့တယ်ဆိုတဲ့ အထောက်အထား မျိုးမရှိသလို ဒီလိုတောင်းဆိုလို့ အဖမ်းခံရတယ်ဆိုတဲ့ သတင်းမျိုးမတွေ့ရပါဘူး။
ပြောဆိုချက်- ဒေါ်စုနဲ့ သမ္မတကို လွှတ်ပေးဖို့ တရုတ်ကို အာဏာရှင်ဟောင်း ဦးသန်းရွှေ ကတိပေးလို့ စစ်တပ်က ဖမ်းဆီး

Title:Fact Check: ဒေါ်စုနဲ့ သမ္မတကို လွှတ်ပေးဖို့ တရုတ်ကို ဦးသန်းရွှေ ကတိပေးလို့ စစ်တပ်က ဖမ်းဆီးဆိုတဲ့ သတင်းတု
Fact Check By: နေရာမောင်Result: Misleading