Fact Check: လောက်ကိုင်မှာ လက်နက်ချတဲ့ ဗိုလ်မှူးချုပ် ၆ ဦး သေဆုံးမှုနဲ့နောက်ထပ် စစ်သား ၄၀၀၀ ပုန်ကန်မှုသတင်းခေါင်းစဉ်တု

Misleading နိုင်ငံရေး | Politics

ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်အခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒ.စ.က)ထဲက လက်နက်ချပြီး ပြန်လာတဲ့ ဗိုလ်မှူးချုပ် ၆ ဦး စစ်ကောင်စီရဲ့ စစ်ကြောရေးမှာ သေဆုံးသွားပြီ၊ ဒီလိုသေဆုံးမှုကြောင့် တပ်သား ၄၀၀၀ ကျော်က စစ်ကောင်စီကို တော်လှန်ပုန်ကန်လိုက်တယ်လို့ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှု အားကောင်း လျက်ရှိတယ်။ သတင်းတုသတင်းမှားဖြစ်တယ်။

အောက်ပါစာသားကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုကရယူထားခြင်းဖြစ်တယ်။ 

“လောက်ကိုင်မှာလက်နက်ချအညံ့ခံခဲ့သော(ဒစကမှူး-၆)ဦး စစ်ကြောရေးတွင် သေဆုံး မင်းအောင်လှိုင် လက်လွန်သွားပြီဟေ့”(မူရင်းအရေးအသား)

မူရင်းလင်ခ့် – Youtube link | Archive link

နောက်ထပ်အလားတူတဲ့ ဗွီဒီယိုတခုမှာ “လက်နက်ချသည့် ဗိုလ်မှူးချုပ်(၆)ဦးကိုလက်စားဖျောက်မှုကြောင့် စစ်သား(၄၀၀၀)သေနတ်ပြောင်းလှည့်ပြီ လားရှိုးမြို့ထိန်းမနိုင်သိမ်းမရ ပွဲဆူပြီဟေ့”(မူရင်းအရေးအသား) စတဲ့ရေးသားချက်ပါဝင်တယ်။ ဒီနေရာမှာ ကြည့်ပါတယ်။

အချက်အလက်စိစစ်ချက်

ဗွီဒီယိုတွေ ဖြန့်ဝေနေတဲ့ LoCal NeWs အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာအချို့ကဖော်ပြခဲ့တဲ့ သတင်းအချို့ကို ခေါင်းစဉ်တုတပ် သို့မဟုတ် ခေါင်းစဉ်လွဲတပ်ပြီး ဖြန့်ချိလေ့ရှိပါတယ်။ 

အခုလည်း ဗွီဒီယိုအစမှာ ပြသတဲ့ ရုပ်ကတ်မှာ လောက်ကိုင်အခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒ.စ.က)ထဲက ဗိုလ်မှူးချုပ် ၆ ဦးကို စစ်ကောင်စီက သတ်ဖြတ်လိုက်တယ်လို့ရေးသားထားပေမဲ့ တကမ်တမ်း ဗွီဒီယိုပါ သတင်းအကြောင်းအရာဟာ ဧရာဝတီသတင်းဌာနက‌ဖော်ပြခဲ့တဲ့ “လောက်ကိုင်တွင် လက်နက်ချခဲ့သည့် ဗိုလ်မှူးချုပ်များ အချုပ်ချခံထားရ”ဆိုတဲ့ သတင်းကို ပြန်လည်ဖော်ပြနေခြင်းဖြစ်တယ်။ ဇန်နဝါရီလ ၅ ရက်က လောက်ကိုင် ဒကစမှူး ဗိုလ်မှူးချုပ် မိုးကျော်သူနဲ့ ကိုးကန့်ဒေသ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့် အပါအဝင် ဗိုလ်မှူးချုပ် ၆ ဦးဟာ MNDAA ထံလက်နက်ချခဲ့ပြီး ဇန်နဝါရီလ ၆ ရက်မှာ လားရှိုးသို့ရဟတ်ယာဉ်နဲ့ ခေါ်ဆောင်ခံခဲ့ရပြီး လားရှိုးက အရှေ့မြောက်တိုင်း စစ်ဌာနချုပ်အချုပ်ခန်းမှာ ချုပ်နှောင်ခဲ့ကြောင်း စစ်ဘက်ဆိုင်ရာ သတင်းရင်းမြစ်ကိုကိုးကား ဧရာဝတီသတင်းဌာနကဖော်ပြပါတယ်။ လက်နက်ချပြီး ပြန်လာလေ့ရှိသူတိုင်းကို အခုလိုပဲ စစ်တပ်က ဖမ်းဆီးချုပ်နှောင်လေ့ရှိပြီး အရေးယူမယူဟာ စစ်ဆေး မေးမြန်းပြီးမှသာသိရမယ်လို့လည်း ဆိုပါတယ်။ စစ်ကြောရေးမှာသေဆုံးမှုအကြောင်းမပါဝင်ပါဘူး။ အပြည့်အစုံကိုအောက်ပါလင်ခ့်မှာ ကြည့်ပါ။ 

မူရင်းလင်ခ့် – Irrawaddy | Archive link

၈ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာပါတဲ့ နောက်ထပ် အကြောင်းအရာကတော့ NLD နဲ့ NUG ကိုထောက်ခံသူ “Myat Tun Oo”အမည်နဲ့ ဘလော့ဂ်မှာရေးသားဖော်ပြခဲ့တဲ့ “လောက်ကိုင်အကြောင်းမေးသူများသို့”ဆိုတဲ့ ဆောင်းပါးကို ပြန်လည်ဖတ်ကြားနေခြင်းဖြစ်တယ်။ စစ်တပ်ရဲ့ အတွင်းစည်းသူတယောက်ရဲ့  နိုင်ငံရေး အကြောင်းအရာတွေကို ရေးသားလေ့ရှိတဲ့ ဒီဘလောတည်ထောင်သူရဲ့ ရေးသားချက်ထဲမှာလည်း ဗိုလ်မှူးချုပ် တွေဟာ အသက်အန္တရာယ် အတွက် လက်နက်ချခဲ့ပေမဲ့ အထက်က အမိန့်ပေးလို့ လက်နက်ချရတာမဟုတ်ဘဲ သူတို့ကို အရေးယူမယူတော့ စစ်ခေါင်းဆောင်ကိုယ်တိုင်က ဆုံးဖြတ်ထားခြင်းမရှိသေးကြောင်းရေးသားပါတယ်။

သုံးသပ်ချက်

LoCal NeWs အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာအချို့ကဖော်ပြခဲ့တဲ့ သတင်းတွေကို ကူးယူပြီး ခေါင်းစဉ်တုတပ်ကာ ပြန်လည်ဖြန့်ချိလေ့ရှိတယ်။ အခုလည်း မူလက ဧရာဝတီသတင်းဌာနမှာဖော်ပြခဲ့တဲ့ လောက်ကိုင် ဒကစမှူး ဗိုလ်မှူးချုပ် မိုးကျော်သူနဲ့ ကိုးကန့်ဒေသ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့် အပါအဝင် ဗိုလ်မှူးချုပ် ၆ ဦးကို အချုပ်ချထားကြောင်း သတင်းဖော်ပြချက်ကို စစ်ကြောရေးမှာ သေဆုံးမှုနဲ့ ဒီလိုနောက်ဆက်တွဲအနေနဲ့ စစ်သား ၄၀၀၀ ကျော်က စစ်ခေါင်း‌ဆောင်ကို တော်လှန်ပုန်ကန်မှုအဖြစ် ခေါင်းစဉ်တုတပ်ကာ လုပ်ကြံရေးသားထားခြင်းဖြစ်တယ်။

ပြောဆိုချက်- လောက်ကိုင် ဒ.စ.က က လက်နက်ချပြီး ပြန်လာတဲ့ ဗိုလ်မှူးချုပ် ၆ ဦး စစ်တပ် စစ်ကြောရေးမှာ သေဆုံးသွားပြီးနောက် စစ်သား ၄၀၀၀ တော်လှန်ပုန်ကန်

Avatar

Title:Fact Check: လောက်ကိုင်မှာ လက်နက်ချတဲ့ ဗိုလ်မှူးချုပ် ၆ ဦး သေဆုံးမှုနဲ့နောက်ထပ် စစ်သား ၄၀၀၀ ပုန်ကန်မှုသတင်းခေါင်းစဉ်တု

Written By: နေရာမောင် 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *