
ကုလသမဂ္ဂအထူးကိုယ်စားလှယ်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ သမ္မတဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်လာပြီလို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ပြန့်နှံ့မှုအားကောင်းလျက်ရှိတယ်။ သတင်းတု ဖြန့်ချိနေခြင်းသာဖြစ်တယ်။
အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။
“UN အထူးကိုယ်စားလှယ် နေပြည်တော်ရောက်ရှိ
မင်းအောင်လှိုင်နဲ့ချက်ခြင်းတွေ့ပြီးကြားဝင်စေ့စပ်
ဦးဝင်းမြင့်နဲ့ အမေစုကွင်းလုံးကျွတ်လွတ်ပြီ”
မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “MS Story(Myanmar)”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူပြီး သတင်းခေါင်းစဉ်တု ဒါမှဟုတ် ချဲ့ကားထားတဲ့ သတင်းခေါင်းစဉ် တွေတပ် ဖြန့်ချိလေ့ရှိသလို တခါတရံမှာ လုံးဝလုပ်ကြံရေးသားဖြန့်ဝေချက်တွေလည်း ပြုလုပ်လေ့ရှိတယ်။ ဒီယူကျူ့ချန်နယ်နဲ့ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။
အခုလည်း ဗွီဒီယိုထဲမှာ နေပြည်တော်ကို ကုလသမဂ္ဂအထူးကိုယ်စားလှယ်ရောက်လာပြီး စစ်ခေါင်းဆောင်နဲ့ သွားတွေ့လိုက်လို့ သမ္မတဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာတယ်လို့ဆိုပြီး ပြောကြားနေပေမဲ့ သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။
ဒီအပြင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးရဲ့ မြန်မာနိုင်ငံ အထူးကိုယ်စားလှယ်ဟာ ဂျူလီဘစ်ရှော့(Julie Bishop)ဖြစ်တယ်။ အခု ဗွီဒီယိုမှာဖော်ပြထားတဲ့ ဓာတ်ပုံထဲမှာတော့ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ဟောင်း ဘန်ကီမွန်းကို ဖော်ပြထားတယ်။
သုံးသပ်ချက်
MS Story(Myanmar) အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာ ပြန်လည်ကူးယူဖော်ပြပြီး ခေါင်းစဉ်တုတပ်ဖြန့်ချိတာ၊ တခါတရံမှာ လုပ်ကြံသတင်းဖြန့်ချိတာတွေ လုပ်လေ့ရှိပါတယ်။ သမ္မတဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာတယ်လို့ဆိုတာမဟုတ်သလို ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးရဲ့ မြန်မာနိုင်ငံ အထူးကိုယ်စားလှယ်ဟာလည်း မြန်မာနိုင်ငံကို လာရောက်ခဲ့ခြင်းမရှိပါ။

Title:Fact Check: ကုလအထူးကိုယ်စားလှယ် ကြားဝင်စေ့စပ်မှုနဲ့ သမ္မတဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်ဆိုတဲ့ သတင်းတု
Written By: နေရာမောင်Result: False