နေပြည်တော်ကို KIA နဲ့ AA ဝိုင်းထားပြီ နေရာအများအပြားကိုလည်း သိမ်းပိုက်လိုက်ပြီလို့ ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တုတပ်ထားခြင်းဖြစ်တယ်။
ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။ အလားတူတဲ့ မျှဝေမှုကို ဒီနေရာမှာလည်း တွေ့ရတယ်။
“လေယာဉ် ၅ စီး AA သိမ်းပိုက်
နေပြည်တော်ကို KIA နဲ့ AA ဝိုင်းထားပြီ လေယာဉ်ကွင်းနဲ့ လုံခြုံရေးဂိတ် အများအပြား သိမ်းပိုက် စစ်တပ်အများအပြားသေဆုံး တပ်မိသားစု ၂ ထောင်ကျော် အရှင်ဖမ်း”

အချက်အလက်စိစစ်ချက်
နေပြည်တော်အစိုးရကို KIA နဲ့ AA ကဆန့်ကျင်တိုက်ခိုက်နေပြီး နေပြည်တော်နဲ့ အနီးဆုံးလို့ဆိုနိုင်တဲ့ ပဲခူးတိုင်းအနောက်ခြမ်းမှာလည်း AA ကထိုးဖောက်တိုက်ခိုက်နေတာ တွေ့ရပါတယ်။ ဒါပေမဲ့ အဓိကကျတဲ့ မီဒီယာတွေမှာ နေပြည်တော်က နေရာအများအပြားကို AA နဲ့ KIA ကဝိုင်းထားပြီဆိုတဲ့ သတင်းဖော်ပြချက်မရှိပါဘူး။
ဗွီဒီယိုဖြန့်ဝေထားတဲ့ “Mandalay Khitthit”ယူကျူ့ချန်နယ်ဟာ လုပ်ကြံရေးသားပြောဆိုထားတဲ့ သတင်းတွေနဲ့ သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းကို ရောနှောဖြန့်ချိလေ့ရှိပါတယ်။
ဗွီဒီယိုထဲမှာ ဖော်ပြထားတာတွေကတော့ သတင်းမီဒီယာတွေမှာဖော်ပြခဲ့တဲ့ သတင်းတွေကို ကိုးကားပြီး စစ်ရေး၊ နိုင်ငံရေး သုံးသပ်ချက် ပုံစံပြောလေ့ရှိတဲ့ Breaking Brainwashed က CDM ဗိုလ်ကြီးထက်မြက်ရဲ့ သုံးသပ်ချက် တွေကို ပြန်လည်ဖော်ပြ ထားခြင်းဖြစ်တာတွေ့ရတယ်။ ဒါပေမဲ့ ဒီဗွီဒီယိုတွေထဲမှာ AA က ရခိုင်ပြည်နယ် ကျောက်ဖြူမြို့က တိုက်ပွဲအကြောင်း၊ စိုင်းပြင်ရဲစခန်းသိမ်းအပြီး ရွှေဘိုခရိုင်စစ်ဌာနရဲ့ Operation OTT နဲ့ပတ်သက်တဲ့ နောက်ဆက်တွဲ ထုတ်ပြန်ချက်တွေအကြောင်းပါဝင်တယ်။
သုံးသပ်ချက်
“Mandalay Khitthit”ယူကျူ့ချန်နယ်ဟာ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေ ဖြန့်ချိတဲ့နေရာဖြစ်တယ်။ အခုလည်း ကျောက်ဖြူမြို့နယ် တောင်မော်ဦးရေတပ်စခန်းအနီး AA နဲ့ စစ်ကောင်စီတိုက်ပွဲ၊ ရွှေဘိုခရိုင်စစ်ဌာနရဲ့ Operation TT တိုက်ပွဲအပြီး သတင်းထုတ်ပြန်ချက်တွေအကြောင်း CDM ဗိုလ်ကြီးထက်မြက်ရဲ့ သုံးသပ်ချက် ဗွီဒီယိုကို နေပြည်တော်ကို AA နဲ့ KIA ဝိုင်းဝန်းပိတ်ဆို့ထားတယ်ဆိုပြီး သတင်းခေါင်းစဉ်တုတပ်ထားခြင်းဖြစ်တယ်။

