Fact Check: တပတ်အတွင်း အာဏာလွှဲမပေးရင် သိမ်းပိုက်မယ်လို့ လက်နက်ကိုင် တပ်ပေါင်းစု ရာဇသံပေးတဲ့ သတင်းခေါင်းစဉ်တု

Misleading နိုင်ငံရေး | Politics

တပတ်အတွင်း အာဏာလွှဲမပေးရင် သိမ်းပိုက်မယ်လို့ စစ်ခေါင်းဆောင်ကို လက်နက်ကိုင် တပ်ပေါင်းစု ရာဇသံပေးလိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။

အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ မတ် ၁၁ ရက်မှာ စတင်ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၃၀၀၀၀ ကျော်ရရှိ ထားတယ်။

“သမိုင်းမှာ အပြင်းဆုံးထိုးစစ် ၁ ပတ်အတွင်း အာဏာမလွှဲဲရင် အကုန် သိမ်းဖို့ လက်နက်ကိုင် အားလုံးပူးပေါင်း ကြေငြာပြီ”

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

“KK Audiobooks”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ အခုလိုပဲ ခေါင်းစဉ်တု သို့မဟုတ် နားလည်မှုလွဲစေ နိုင်တဲ့ သတင်းခေါင်းစဉ်လွဲတပ်ပြီး သတင်းမီဒီယာတွေမှာဖော်ပြခဲ့တဲ့ အကြောင်းအရာတွေကို ရေးသားဖြန့်ဝေ လေ့ရှိပါတယ်။ Fact Crescendo Myanmar ရဲ့ အချက်အလက် စိစစ်ချက်တွေကို ဒီလင့်ခ်မှာကြည့်ပါ။

အခုလည်း ဗွီဒီယိုပါအကြောင်းအရာဟာ ရခိုင်၊စစ်ကိုင်း၊ ကချင်နဲ့ ကရင်ပြည်နယ်တွေမှာ တပြိုင်နက်ထဲ ထိုးစစ် စတင်နေတာကြောင့် စစ်ခေါင်းဆောင်အနေနဲ့ အမြန်ဆုံး အာဏာလွှဲမှ ရတော့မှာဖြစ်တဲ့အကြောင်း၊ ဒီလို တနိုင်ငံလုံး တပြိုင်နက်ထိုးစစ်ဆင်တာ သမိုင်းမှာမရှိခဲ့တဲ့အကြောင်း၊ စစ်တပ်ဟာ သူတို့အားသာချက်အဖြစ် အသုံးပြုနေတဲ့ လေကြောင်းပစ်ကူ၊ လေကြောင်းပစ်ကူတွေကို အကန့်အသတ်နဲ့ပေးနိုင်တော့တဲ့အကြောင်း၊ ကချင်လွတ်မြောက်ရေးတပ်မတော်-KIA က လိုင်ဇာဌာနချုပ်အနီးက စစ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်ခဲ့သလို ရခိုင်မှာလည်း စခန်းတွေ အသိမ်းခံနေရတဲ့အပြင် မြို့တွေလည်း သိမ်းပိုက်နေကြောင်း၊ ကရင်ပြည်နယ်မှာလည်း ထိုးစစ်ဆင်နေတဲ့အကြောင်းနဲ့ တချိန်ထဲမှာ စစ်ကိုင်းမှာလည်း ကနီမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်လိုက်တဲ့အကြောင်း၊ ရန်ကုန်မှာလည်း စစ်တပ်ပိုင် ထီးတန်းဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတဲ့ ဆီတင် သင်္ဘောတစီးကို တော်လှန်ရေးအဖွဲ့တွေက ဖောက်ခွဲတိုက်ခိုက်ခဲ့တဲ့အကြောင်း စသည်ဖြင့် ဖတ်ကြားနေ တာဖြစ်တယ်။ ဒီလိုရပ်တွေဟာ တော်လှန်ရေး အဖွဲ့တွေအကြားမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ဗျူဟာကျကျ တိုက်ပွဲဖော်နေတာကို သိသာစေကြောင်းနဲ့ အရင်က စစ်တပ်က တောင်ပိုင်းဒေသကို အပစ်ရပ်ရင် မြောက်ပိုင်းဒေသကို ထိုးစစ်ဆင်၊ မြောက်ပိုင်း‌ဒေသကို အပစ်ရပ်ရင် တောင်ပိုင်းဒေသကို ထိုးစစ်ဆင်လုပ်ခဲ့ပေမဲ့ အခုချိန်မှာတော့ စစ်တပ်ဟာ အဘက်ဘက်က ထိုးစစ်အောက်မှာ မကြာမီ ပြိုလဲသွားနိုင်ကြောင်း စသဖြင့် သုံးသပ်ထားတာတွေ့ရပါတယ်။

သုံးသပ်ချက်

ဗွီဒီယိုထဲမှာ မတ်လထဲမှာ ကရင်၊ ကချင်၊ စစ်ကိုင်းနဲ့ ရခိုင်စစ်မျက်နှာတွေကြောင့် တနိုင်ငံလုံး အတိုင်းအတာနဲ့ ထိုးစစ်ဆင်ခြင်းအားဖြင့် စစ်တပ်ကို အကောင်းဆုံးဖိအားပေးလာနိုင်တာကို ဖော်ပြထားတာဟာ အချက်အလက် အားဖြင့် မှန်ကန်ပေမဲ့ တပတ်အတွင်း စစ်တပ်အနေနဲ့ အာဏာလွှဲဖို့အကြောင်းတရားဖြစ်စေ၊ တော်လှန်ရေး အဖွဲ့တွေက ဖြစ်စေ ထုတ်ဖော်ပြောဆို ကြေညာတာမျိုးမရှိပါဘူး။ အတွေးအမြင်ဆောင်းပါးတပုဒ်ကို လိုအပ်သလို ခေါင်းစဉ်ရေးသားဖြန့်ဝေထားခြင်းသာဖြစ်တယ်။
ပြောဆိုချက်- တပတ်အတွင်း အာဏာလွှဲမပေးရင် သိမ်းပိုက်မယ်လို့ လက်နက်ကိုင် တပ်ပေါင်းစု ရာဇသံပေး

Avatar

Title:Fact Check: တပတ်အတွင်း အာဏာလွှဲမပေးရင် သိမ်းပိုက်မယ်လို့ လက်နက်ကိုင် တပ်ပေါင်းစု ရာဇသံပေးတဲ့ သတင်းခေါင်းစဉ်တု

Fact Check By: နေရာမောင် 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *