
မုံရွာက ဆန္ဒပြပွဲတွေမှာတက်တက်ကြွကြွပါဝင်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင် ကိုဝေမိုးနိုင်အဖမ်းခံရအပြီးမှာ သူဟာ မူးယစ်ဆေးစွဲနေသူ၊ မူးယစ်ဆေးရောင်းသူအဖြစ် ရေးသားထားတဲ့ ဖေ့စ်ဘွတ်မှာ ဖြန့်ဝေလာ တာတွေ့ရပါတယ်။
သို့သော်လည်း ဒီအချက်အလက်တွေဟာ အတည်ပြုနိုင်ခြင်းမရှိသေးတဲ့ အချက်အလက်တွေပဲဖြစ်ပါတယ်။
“မုံရွာဆူပူအုံကြွမှု
သပိတ်ခေါင်းဆောင် ဝေမိုးနိုင် အား သွေး၊ဆီး စစ်ဆေးရာ မက်သဖက်သမင်း ခေါ် စိတ်ကြွဆေးများ နှစ်ရှည်သုံးစွဲထားကြောင်း Medical result ရရှိ
ကလေး၊တမူး၊စစ်ကိုင်း၊ မန္တလေး မြို့ကြီးများသို့ မူးယစ်ဆေးဖြန့်ဖြူးရောင်းချသည့် ရာဇဝတ်မှုပါ စစ်ကြောမေးမြန်းမှုများပြုလုပ်လျက်ရှိ”စသည်ဖြင့်ရေးသားပြီး “Arkar Toe Wai”အမည်နဲ့ ဖေစ့်ဘွတ်စာမျက်နှာ က မျှဝေထားပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
ကိုဝေမိုးနိုင်ကို ဧပြီ ၁၅ ရက်က မုံရွာမှာ ဆိုင်ကယ်နဲ့ ဆန္ဒပြလှည့်လည်နေစဉ်မှာ စစ်တပ်က အိမ်စီးကားနဲ့တိုက်ပြီး ဖမ်းဆီးခဲ့ပါတယ်။ ယင်းနောက်မှာ ကိုဝေမိုးနိုင်နဲ့ပတ်သက်ပြီး အတည်ပြုနိုင်ခြင်းမရှိတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါ တယ်။ အဖမ်းခံရပြီးနာရီပိုင်းအတွင်းမှာပဲ ကိုဝေမိုးနိုင်ဟာ နှစ်ရှည်လများစွာ မူးယစ်ဆေးဝါး အသုံးပြုထား တယ်လို့ ဆေးစစ်ချက်ထွက်တယ်ဆိုပြီးတော့ ပျံ့နှံ့လာခဲ့တာဖြစ်ပါတယ်။ ထို့အတူ ကိုဝေမိုးနိုင်ဆုံးပြီဆိုတဲ့ သတင်းမျိုးလည်း ပျံ့နှံ့ခဲ့ပါတယ်။ ဒီလိုသတင်းတွေ ပျံ့နှံ့ခဲ့အပြီးမှာ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေက စီမံခန့်ခွဲနေတဲ့ Wai Moe Naing အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ သူနဲ့ပတ်သက်တဲ့တွေဟာ အတည်ပြုနိုင်ခြင်း မရှိသေးဘူးလို့ ဧပြီ ၁၅ ရက်ညပိုင်းမှာ ပို့စ်တင်ပြီး မျှဝေခဲ့တာတွေ့ရပါတယ်။

မူရင်းလင်ခ့် – Wai Moe Naing | Archive link
အဲဒီလိုသတင်းတွေ ပျံ့နှံ့ခဲ့ပြီးနောက်မှာ ကိုဝေမိုးနိုင်ဟာ မျက်နှာမှာ အညိုမဲ စွဲနေအောင် ရိုက်နှက်ခံထား ရဟန်ရှိ တဲ့ ဓာတ်ပုံလည်း ဖေ့စ်ဘွတ်မှာ ပျံ့နှံ့ခဲ့ပါသေးတယ်။ ဒီပုံကို အသုံးပြုပြီ BBC Burmese စာမျက်နှာက ကိုဝေမိုးနိုင် ကို ပုဒ်မ ၅၀၅(က)အပြင် လူသတ်မှုနဲ့ပါ စွဲချက်တင်ဖို့ လုပ်နေတယ်လို့ ရှေ့နေကိုကိုးကားပြီး ဧပြီ ၂၁ ရက်မှာ ရေးသားထားပါတယ်။ အဖမ်းခံရပြီးကတည်းက ကိုဝေမိုးနိုင်ဟာ ရှေ့နေနဲ့တွေ့ခွင့်မရသေးဘူးလို့လည်း သိရပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ ကိုဝေမိုးနိုင်ဟာ မူးယစ်ဆေးသုံးထားတယ်၊ မူးယစ်ဆေးရောင်းဝယ်သူ စသည်ဖြင့်ရေးသားမျှဝေနေတာဟာ အထောက်အထားမရှိတာတွေ့ရပါတယ်။

Title:ကျောင်းသားခေါင်းဆောင် ကိုဝေမိုးနိုင်နဲ့ ပတ်သက်တဲ့ သတင်းတု
Fact Check By: Nayar MaungResult: Missing Context