
ရခိုင်ပြည်နယ်မြို့နယ်အချို့ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးလိုက်တယ် ဆိုပြီးတော့ လူမှုကွန်ယက်မှာ ရေးသားမျှဝေလျက်ရှိတာတွေ့ရပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဖေဖော်ဝါရီ ၁၅ ရက်က အခုလိုပြောခဲ့တာလို့ ရေးသားထားပါတယ်။
အာဏာသိမ်းပြီးဖွဲ့စည်းလိုက်တဲ့ နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီနဲ့ပတ်သက်တဲ့ သတင်းတွေမျှဝေနေတဲ့ “Done New Chance”အမည်နဲ့စာမျက်နှာက “စစ်ဗိုမှူးချုပ်ကြီး မင်းအောင်လှိုင် သည် ဒီနေ့ ၁၅.၂.၂၁ နေ့က ရခိုင်ပြည်နယ် ၏ မြို့ အနည်းငယ်ကို ကိုယ်ပိုင် အုပ်ချုပ် ခွင့် နှင့် လွတ်လပ်ခွင့် ပေးရန် AA နှင့် ကန့်လန့် ထားကြောင်းသိရှိရပါသည်။”(မူရင်းအရေးအသား) လို့ ရေးသားမျှဝေထားပါတယ်။ “နှလုံးသားထဲက ရခိုင် Arakan Music”အမည်နဲ့စာမျက်နှာကလည်း screenshot ရိုက်ပြီးပြန်လည်မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေသူ ၇၀၀ ကျော်ရှိပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
အခြားသော သတင်းမီဒီယာလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ သတင်းဌာနတွေမှာလည်း အလားတူဖော်ပြချက်မျိုး မတွေ့ရပါဘူး။
တပ်မတော်ဆိုင်ရာ သတင်းတွေထုတ်ပြန်တဲ့ “တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့” ဖေ့စ်ဘွတ်စာမျက်နှာမှာ ဖေဖော်ဝါရီ ၁၅ ရက်က သတင်းထုတ်ပြန်ချက်တစ်ခုထုတ်ပြန်ထားရာမှာ အစည်းအဝေးမှတ်တမ်း အကျဉ်း ဖော်ပြချက်အရ ရခိုင်ကိစ္စနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာ ပြောကြားခဲ့ခြင်းမရှိတာတွေ့ရပါတယ်။ ဒီမှတ်တမ်းအကျဉ်းအရ စင်ပြိုင်အစိုးရဖွဲ့စည်းထားရှိမှု၊ ဆူပူအကြမ်းဖက်မှုနှိမ်နှင်းရေး၊ မီဒီယာတွေကို မြန်မာနိုင်ငံစာနယ်ဇင်း ကောင်စီက တစ်ဆင့်ထိန်းကျောင်းရေးနဲ့ COVID-19 ကာကွယ်ဆေးထိုးဖို့ အကြောင်းတွေကို ဆွေးနွေးခဲ့တယ်လို့ ဖော်ပြပါတယ်။

မူရင်းလင်ခ့် – Fb Link | Archive link
သုံးသပ်ချက်
ဖေဖော်ဝါရီ ၁၅ ရက်က ထုတ်ပြန်ချက်မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရခိုင်ပြည်နယ်ကမြို့အချို့ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးတယ်လိုက်တယ်ဆိုတဲ့အထောက်အထားမျိုးမတွေ့ရပါဘူး။ ဓာတ်ပုံဟာ ဖေဖော်ဝါရီ ၁၅ ရက်က ထုတ်ပြန်ချက်တစ်ခုမှာ သုံးထားတဲ့ ဓာတ်ပုံဖြစ်ပါတယ်။

Title:ရခိုင်ပြည်နယ်မြို့နယ်အချို့ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးတယ်လို့ ဖြန့်ဝေ
Fact Check By: Nayar MaungResult: Misleading