
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ရုံးဆီကနေ နာဂလက်နက်ကိုင်အဖွဲ့ NSCN(K) အတွက် ကျပ် သိန်း ၇၅၀ ကို ဆက်ကြေးအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) အလုပ်မှုဆောင်တစ်ဦးက တောင်းယူခဲ့ တယ်ဆိုပြီးတော့ ရေးသားမျှဝေထားတဲ့ပို့စ်ကို လူမှုကွန်ယက်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေခဲ့ တာတွေ့ရပါတယ်။
ဒီဇင်ဘာ ၁၄ ရက်မှာစတင်ပျံ့နှံ့ခဲ့တဲ့ ဒီပို့စ်မှာ နန်းယွန်းမြို့နယ် NLD ပါတီ အလုပ်မှုဆောင် ဦးညီအောင်(ခ) ညီအောင်းဟာ NSCN(K)အဖွဲ့ရဲ့ စေခိုင်းချက်အရ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ရုံးသို့ ဒီဇင်ဘာ ၁ ရက်နေ့က ရောက်ရှိလာပြီး ဆက်ကြေး သိန်း ၇၅၀ တောင်းခံ သွားတယ်လို့ ရေးသားထားပြီး NCSN(K)အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဝမ်းစိန်ကလည်း ဒီသတင်းကို အတည်ပြုတယ်လို့ ရေးသားမျှဝေထားတာဖြစ် ပါတယ်။
ပို့စ်ပါအကြောင်းအရာဟာ သတင်းတုသတင်းမှားဖြစ်တာကို Fact Crescendo Myanmar ကတွေ့ရပါတယ်။
သတင်းပုံစံနဲ့ ရေးသားထားတဲ့ ဒီပို့စ်ကို လူမှုကွန်ယက်အသုံးပြုသူတွေအကြားနားလည်မှုလွဲမှားစေနိုင်တဲ့ အရေးအသားနဲ့ပို့စ်ကို အောက်ပါအတိုင်း တွေ့ရပါတယ်။ တူညီစွာမျှဝေထားတာ ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာ တွေ့ရပါတယ်။
“နာဂသောင်းကျန်းသူ NSCN(K) အဖွဲ့ရဲ့ ဆက်ကြေးတာဝန်ခံမှာ NLD ပါတီအလုပ်မှုဆောင် တစ်ဦးဖြစ်နေ
နန်းယွန်း၊ ဒီဇင်ဘာ ၁၄
မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံ နှစ်နိုင်ငံနယ်စပ်အနီးတွင် အခြေပြု လှုပ်ရှားလျက်ရှိသော နာဂသောင်းကျန်းသူ NSCN(K)အဖွဲ့ရဲ့ စီးပွားရေးနှင့် ဆက်ကြေးတာဝန်ခံအဖြစ် ဆောင်ရွက်နေသူမှာ နန်းယွန်းမြို့နယ် NLD ပါတီအလုပ်မှုဆောင် တစ်ဦးဖြစ်နေကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။
အဆိုပါ ဆက်ကြေးတာဝန်ခံဖြစ်သူ နန်းယွန်းမြို့နယ် NLD ပါတီ အလုပ်မှုဆောင် ဦးညီအောင်(ခ)ညီအောင်းသည် NSCN(K)အဖွဲ့ ရဲ့ စေခိုင်းချက်အရ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ရုံးသို့ ယခုလဒီဇင်ဘာ ၁ ရက်နေ့က ရောက်ရှိလာပြီး NLD အစိုးရ သက်တမ်း ၅ နှစ်စာအတွက် အခွန်(ဆက်ကြေး)ဆောင်ရန် ဟုဆိုကာ ငွေကျပ် သိန်း(၇၅၀)အား တောင်းခံသွားကြောင်း၊ မပေးပါက NCSN(K)အဖွဲ့ရဲ့ ဥပဒေအတိုင်း အရေးယူပါက အသတ်ခံရမည်ဟု ခြိမ်းခြောက်သောကြောင့် ပေးဆောင်လိုက်ရ ကြောင်း နာဂဦးစီးအဖွဲ့ရုံးထံမှ သိရသည်။
အလားတူ ရွေးကောက်ပွဲကာလတုန်းမှာလည်း NLD ပါတီအနိုင်ရ ရန်အတွက်ဟုဆိုကာ NCSN(K)အဖွဲ့ကို နန်းယွန်းမြို့နယ် NLD ကနေငွေကြေးထောက်ပံ့ပေးအပ်ခဲ့ပြီး ဒေသခံပြည်သူတွေကို NLD ကိုသာ မဲထည့်ဖို့ ခြိမ်းခြောက်ပြောကြားပေးရန်ဟု ဆိုသော သတင်း တစ်ပုဒ်လည်း ပြီးခဲ့တဲ့ ရက်ပိုင်းက အွန်လိုင်းပေါ်မှာ ပြန့်နှံ့လာခဲ့ ကြောင်း စီစစ်တွေ့ရှိရသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ NCSN(K)အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဝမ်းစိန်က “အခွန်ကောက်ခံသည် ကိစ္စမှာ မှန်ကန်ကြောင်းနှင့် ဦးညီအောင်မှာ NLD ပါတီဝင်ဖြစ်နေသည်ကို ၎င်းအနေဖြင့် မသိရှိခဲ့ ကြောင်း” ပြောသည်။ နန်းယွန်းမြို့နယ် NLD ပါတီဥက္ကဋ္ဌ ဦးလော်ယုံထံ ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော် လည်း ကိုင်ဆောင်ခြင်း မပြုခဲ့ပေ။
NSCN(K)အဖွဲ့သည် ၁၉၈၀ ခုနှစ် ဇန်နဝါရီလအတွင်း စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ နန်းယွန်းမြို့နယ် တကားကျေးရွာတွင် အခြေပြုလျက်ရှိသည်။
ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ဧပြီလ ၉ ရက်နေ့မှာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ နှင့် တိုင်းဒေသကြီး အဆင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားသည်အဖွဲ့လည်း ဖြစ်သည်။”လို့ ရေးသားလျက် “ပေါ် ဦး”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက ဒီဇင်ဘာ ၁၄ ရက်က မျှဝေထားရာမှာ ပြန်လည်မျှဝေသူ ၁ ထောင်ဝန်းကျင်ရှိပါတယ်။
မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ကြည့်ရအောင်ပါ
အချက်အလက်စိစစ်ချက်
“ဆက်ကြေးတာဝန်ခံဖြစ်သူ နန်းယွန်းမြို့နယ် NLD ပါတီ အလုပ်မှုဆောင် ဦးညီအောင်(ခ)ညီအောင်း သည် NSCN(K)အဖွဲ့ ရဲ့ စေခိုင်းချက်အရ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ရုံးသို့ ယခုလဒီဇင်ဘာ ၁ ရက်နေ့က ရောက်ရှိလာပြီး NLD အစိုးရ သက်တမ်း ၅ နှစ်စာအတွက် အခွန်(ဆက်ကြေး)ဆောင်ရန် ဟုဆိုကာ ငွေကျပ် သိန်း(၇၅၀)အား တောင်းခံသွားကြောင်း၊ မပေးပါက NCSN(K)အဖွဲ့ရဲ့ ဥပဒေအတိုင်း အရေးယူပါက အသတ်ခံရမည်ဟု ခြိမ်းခြောက်သောကြောင့် ပေးဆောင်လိုက်ရ ကြောင်း နာဂဦးစီးအဖွဲ့ရုံးထံမှ သိရသည်။
အလားတူ ရွေးကောက်ပွဲကာလတုန်းမှာလည်း NLD ပါတီအနိုင်ရ ရန်အတွက်ဟုဆိုကာ NCSN(K)အဖွဲ့ကို နန်းယွန်းမြို့နယ် NLD ကနေငွေကြေးထောက်ပံ့ပေးအပ်ခဲ့ပြီး ဒေသခံပြည်သူတွေကို NLD ကိုသာ မဲထည့်ဖို့ ခြိမ်းခြောက်ပြောကြားပေးရန်ဟု ဆိုသော သတင်း တစ်ပုဒ်လည်း ပြီးခဲ့တဲ့ ရက်ပိုင်းက အွန်လိုင်းပေါ်မှာ ပြန့်နှံ့လာခဲ့ ကြောင်း စီစစ်တွေ့ရှိရသည်။ ”လို့ ရေးသားမျှဝေချက်နဲ့ပတ်သက်ပြီး ပထမဆုံးအချက် အလက်စိစစ်ကြည့်ရအောင်ပါ။
နန်းယွန်းမြို့နယ် NLD ပါတီ အလုပ်မှုဆောင် ဦးညီအောင်(ခ)ညီအောင်းဟာ NSCN(K)အဖွဲ့ဝင်ဖြစ်တယ်လို့ အခုလို သတင်းမှားမဖြန့်ခင်မှာ ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ ဒေသခံတွေကို ဖိအားပေးဖို့အတွက် အဲဒီလက်နက်ကိုင်အဖွဲ့ကို ပိုက်ဆံ သိန်း ၅၀၀ ပေးရန်ရှိရာမှာ နာဂဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးကေဆိုင်းက ကြားဝင်ညှိနှိုင်းပေးခဲ့ရတယ် ရေးသားခဲ့သေးတယ်။ ဒီဇင်ဘာ ၁ ရက်မှာ ဦးညီအောင်(ခ)ညီးအောင်းရောက်လာပြီး ဆက်ကြေးတောင်း တယ်ဆိုပေမဲ့ နာဂဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးကေဆိုင်းက ကောလာဟလသာဖြစ်ကြောင်း ဒီဇင်ဘာ ၈ ရက်မှာ ငြင်းဆိုခဲ့ပါတယ်။ Fact Crescendo Myanmar က အချက်အလက်စိစစ်ထားတာ ဒီလင့်ခ်မှာ မှာလေ့လာနိုင်ပါတယ်။
နောက်ထပ်အပိုဒ်တွေကို အချက်အလက်စိစစ်ကြည့်ရအောင်ပါ။
“အဆိုပါကိစ္စနှင့် ပတ်သက်၍ NCSN(K)အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဝမ်းစိန်က “အခွန်ကောက်ခံသည် ကိစ္စမှာ မှန်ကန်ကြောင်းနှင့် ဦးညီအောင်မှာ NLD ပါတီဝင်ဖြစ်နေသည်ကို ၎င်းအနေဖြင့် မသိရှိခဲ့ ကြောင်း” ပြောသည်။ နန်းယွန်းမြို့နယ် NLD ပါတီဥက္ကဋ္ဌ ဦးလော်ယုံထံ ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော် လည်း ကိုင်ဆောင်ခြင်း မပြုခဲ့ပေ။”လို့ ရေးသားထားပါတယ်။
NCSN (K) အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဝမ်းစိန်ဟာ အရင်က အဖွဲ့ပြောရေးဆိုခွင့်ပုဂ္ဂိုလ်ဖြစ်ပေမဲ့ ၂၀၁၉ ခုနှစ်မှာ ဒီအဖွဲ့ကနေထုတ်ပယ်ခံထားရသူဖြစ်ပါတယ်။ နာဂထိပ်ပိုင်းခေါင်းဆောင် ၅ ဦးကို အဖွဲ့ကနေ ထုတ်ပယ်ခဲ့ ကြောင်း ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁ ရက်ကတည်းက NSCN(K)အဖွဲ့က ကြေညာခဲ့တာကို ဒီလင့်ခ်မှာ လေ့လာနိုင်ပါတယ်
မူရင်းလင်ခ့် – Irrawaddy | Archive link
ထို့အပြင် နာဂဒေသအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဉက္ကဌ ဦးလော်ယုံကို Fact Crescendo Myanmar က ၅ မိနစ်အကြာ ဖုန်းဖြင့် ဆက်သွယ်အတည်ပြုခဲ့ပါတယ်။ ကောက်နှုတ်ချက်အချို့ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
“မဲပေးဖို့ကိစ္စကရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ NSCN(K)က ဘာတစ်ခုမှ ဝင်ရောက်စွက်ဖက်မှုမရှိဘူး။ ဘာမှအသံမကြားဘူး။ ကြံခိုင်ရေးဘက်ကိုလည်း မေးလို့ရတယ်။ နာဂပါတီကိုလည်း မေးလို့ရတယ်။ ကောင်းကျိုးဆောင်ကိုလည်း မေးလို့ရတယ်။ ပါတီအားလုံးကို မေးလို့ရတယ်။ကျွန်တော်တို့ NSCN(K) လက်နက်ကိုင်အဖွဲ့အစည်းအနေနဲ့ ဒီဟာပေါ်မှာ တစ်စုံတစ်ရာ ဖိအားမှုတစ်စုံတစ်ရာလုံးဝမရှိပါဘူး။ အဲဒီအတွက်ကြောင့်လည်း (ပါတီအနေနဲ့)ဘာမှပေးစရာအကြောင်းအရင်းမရှိပါဘူး။ အခုဖြစ်နေတာက ရွေးကောက်ပွဲပြီးမှ အများကြီးကြာသွားပြီးပေါ့။ သူတို့မှာ တိကျတဲ့ အထောက်အထားခိုင်မာတယ်ဆိုရင် ဒါသူတို့မှာ တရားစွဲလို့ရတယ်။ အရေးယူလို့ရတဲ့ ရွေးကောက်ပွဲ ဉပဒေရှိတယ်။ ဒါပေမဲ့ အဲဒါတွေနဲ့ မဟုတ်ဘဲနဲ့ အပြင်ကနေမှ ကျွန်တော်တို့ပါတီကို နိုင်ငံရေးအရ ထိုးနှက်တိုက်ခိုက်မှုသက်သက်ပါ”
သုံးသပ်ချက်
အထက်ပါအချက်အလက်အရ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဆီကနေ NLD မြို့နယ် အလုပ် အမှုဆောင်က NSCN(K)အတွက် ဆက်ကြေးကောက်တယ်ဆိုတဲ့အချက်အလက်ဟာ သတင်းတု ဖြစ် တာတွေ့ရပါတယ်။

Title:နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဆီကနေ NLD မြို့နယ် အလုပ်အမှုဆောင်က ဆက်ကြေးကောက်တယ်လို့ သတင်းမှားထပ်မံဖြန့်ဝေ
Fact Check By: Nayar MaungResult: False