
အမျိုးသားဒ္မိုကရေးစီအဖွဲ့ချုပ် NLDပါတီအနေနဲ့ နိုဝင်ဘာ ၈ရက်ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တယ်ဆိုပေမဲ့ မဲမသမာမှုတွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေ အငြင်းပွားတာတွေ မပြီးပျက်သေးချိန်မှာ NLDပါတီက တံခါးပိတ်(လျိ့ဝှက်)ဖွဲ့စည်းလိုက်တယ်ဆိုတဲ့ ရေးသားချက်မှုတွေကို ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်ပေါ်မှာ မျှဝေနေတာတွေ့ရပါတယ်။
ဒီပို့စ်မှာ “မဲကိစ္စနဲ့ ဒီလောက်ရှုတ်ထွေးနေချိန်မှာ အစိုးရအဖွဲ့ကို တံခါးပိတ်ဖွဲ့စည်းလိုက်တဲ့ nld ပါတီရဲ့ ခြေလှမ်း –
ဒါဟာ နိုင်ငံရေးပါတီတွေကို စိန်ခေါ်လိုက်တဲ့ အနေထားတစ်ခုလား ၊ UEC ကို ပြန်ကယ်ဖို့လား ၊ ဒါမှမဟုတ် ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူးဆိုတဲ့ သဘောေဆာင္လိုက္တာလား – ?စိန်ခေါ်မှု တစ်ခုလို့မြင်ရမယ်ဆိုရင်တော့… မြန်မာပြည်ကြီးကျန်းမာပါစေလို့ ဆုတောင်းပါတယ် -“လို့ “သူရိယ”ဆိုတဲ့ ဖေ့စ်ဘွတ်ခ်သုံးစွဲသူတစ်ဦးက ဒီဇင်ဘာ ၆ ရက်နေ့က စတင်ရေးသားခဲ့တာတွေ့ရပြီး ဒီပို့စ်ကို တစ်ရက်အတွင်းမှာပဲ ဖေ့စ်ဘွတ်ခ်သုံးစွဲသူပေါင်း ခုနစ်ရာ့ ခုနစ်ဆယ်ကျော်က ပြန်လည်မျှဝေခဲ့တာတွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
ဒီလိုရေးသားမျှဝေနေတာတွေနဲ့ပက်သက်ပြီး Fact Crescendo Myanmarက NLDပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်ကို ဆက်သွယ်မေးမြန်းရာမှာတော့ “အစိုးရဖွဲ့ဖို့ဆိုတာက အချိန်ယူပြီးလုပ်ရမဲ့ဟာပါ၊ အခုနိုင် အခုဖွဲ့ဆိုတာမျိုးလုပ်လို့မရပါဘူး၊ ကျွန်တော်တို့ပါတီကလည်း အဲ့လိုမျိုးမရှိပါဘူး၊ ဒါကသတင်းအမှားပါ၊ အစိုးရအဖွဲ့ ဖွဲ့ဖို့ဆိုတာလုပ်ငန်းစဉ် အဆင့်ဆင့်လုပ်သွားရမှာပါ၊ ပထမအဆင့်က လွှတ်တော်အသစ်ခေါ်ပြီးမှ တစ်ဆင့်ချင်းလုပ်ရမှာပါ၊ ၂၀၁၅တုန်းကတော့ ဖေဖော်ဝါရီ၊ မတ်လလောက်မှ လွှတ်တော်အသစ်ပြန်စတာမျိုး လုပ်ခဲ့တာပါ”လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
လာမဲ့အစိုးရအသစ် ဖွဲ့မဲ့အခြေနေနဲ့ပတ်သက်ပြီး NLD ပါတီရဲ့ ဒုတိယဥက္ကဌ (၂)ဖြစ်ပြီး လက်ရှိမန္တလေးတိုင်း ဝန်ကြီးချုပ်လည်းဖြစ်သူ ဒေါက်တာဇော်မြင့်မောင်ကို BBCသတင်းဌာနက “NLD အစိုးရသစ်ကို ဘယ်လိုရွေးမလဲ” ဆိုတဲ့ခေါင်းစဉ်နဲ့ ၁၄ မိနစ်ကျော်ကြာတဲ့ ရုပ်သံအင်တာဗျူးမှာတော့ အစိုးရသစ်မှာပါဝင်မဲ့ ပြည်နယ်နဲ့ တိုင်းဝန်ကြီးချုပ်တွေနဲ့ ပြည်ထောင်စုဝန်ကြီးတွေရွေးခယ်မဲ့ အခြေအနေနဲ့ပတ်သက်တာကိုသာ ဒေါက်တာဇော်မြင့်မောင်က ဖြေကြားသွားပြီး အစိုးရသစ်ကို လတ်တလောအလျင်အမြန်ဖွဲ့မယ်ဆိုတာမျိုး ပြောဆိုသွားတာမတွေ့ရပါဘူး။
မူရင်းလင်ခ့် – BBC link | Archive link
ဒါ့အပြင် ပြည်တွင်းမီဒီယာတစ်ခုဖြစ်တဲ့ 7Day News မီဒီယာရဲ့ သတင်းဖော်ပြချက်တစ်ခုမှာလည်း ဒေါက်တာမျိုးညွန့်က အခုလ ဒီဇင်ဘာလအလယ်လောက်မှာ ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးကို ကျင်းပမှာဖြစ်ပေမဲ့ ဒီအစည်းအဝေးမှာ အစိုးရအသစ်ဖွဲ့ကို စဉ်းစားဆုံးဖြတ်မှာမဟုတ်သေးတဲ့မကြောင်း ဖြေဆိုထားတာကို တွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်ဖတ်ရှူ့နိုင်ပါတယ်။

မူရင်းလင်ခ့် – 7Days News link | Archive link
လက်ရှိကျင့်သုံးနေတဲ့၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အစိုးရအဖွဲ့ကိုဦးဆောင်ဖွဲ့စည်းမဲ့ နိုင်ငံတော်သမ္မတကို လွှတ်တော်ကိုယ်စားလှယ်များကသာ ရွေးချယ်တင်မြောက်ရမှာဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခန််း (၃)၊ ပုဒ် ၆၀ ပါပြဌာန်းချက်အရ နိုင်ငံတော်သမ္မတကို သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့ သုံးဖွဲ့ကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားတွေနဲ့ ဖွဲ့စည်းပြီး တစ်ဖွဲ့ချင်းစီကနေ ဒုတိယသမ္မတတစ်ဦးစီ ရွေးချယ်ရမှာဖြစ်ပါတယ်။ ဒီလိုရွေးချယ်လိုက်တဲ့ ဒုတိယသမ္မတသုံးဦးထဲကမှ တစ်ဦးကို နိုင်ငံတော်သမ္မတအဖြစ် ထပ်မံမဲပေးရွေးချယ်ရမှာဖြစ်ပြီး မဲအများဆုံရသူက နိုင်ငံတော်သမ္မတဖြစ်ကာ ဒုတိယမဲများသူက ဒုတိယသမ္မတ ၁နဲ့ အနည်းဆုံးရသူက ဒုတိယသမ္မတ ၂ဖြစ်လာမှာဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒီနေရာမှာ ဒေါင်းယူကြည့်ရှုနိုင်ပါတယ်။

သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ NLDပါတီက အစိုးရအဖွဲ့အသစ်ကို တံခါးပိတ်ဖွဲ့စည်းလိုက်တယ်ဆိုတာဟာ သတင်းအမှားသာဖြစ်တာကိုတွေ့ရပါတယ်။

Title:NLDပါတီက အစိုးရအဖွဲ့အသစ်ကို တံခါးပိတ်ဖွဲ့စည်းလိုက်တယ်ဆိုတဲ့ သတင်းအမှား
Fact Check By: Nayar MaungResult: False