
ဘင်္ဂလီလူမျိုး အစ္စလာမ်ဘာသာဝင်တစ်ဦးက သံတွဲခရိုင် ရွှေလှေတိုက်နယ်ဘုရားမော်အုပ်စုမှာ ဗုဒ္ဓဆင်းတုတော် တွေ ဖျက်ဆီးလိုက်တယ်လို့ ရေးသားထားတဲ့ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားမှာ ပျံ့နှံ့လျက်ရှိ တာတွေ့ရပါတယ်။
သို့သော် ဒီသတင်းဟာ ၂၀၁၇ ခုနှစ်က သတင်းတစ်ခုဖြစ်ပြီးလက်ရှိအဖြစ်အပျက်သဖွယ်ပြန်လည်မျှဝေနေခြင်း ဖြစ်ပါတယ်။
“NUG မှ အသိမှတ်ပြုထားတဲ့ ဘဂ်လီလူမျိုးအစ္စလာမ်ဘာသာဝင်တစ်ဦးမှ ဗုဒ္ဓရုပ်ပွားတော်များအား ဖျက်ဆီး
MHT News (Aug 15)
ရခိုင်ပြည်နယ် သံတွဲခရိုင် ရွှေလှေတိုက်နယ်ဘုရားမော်အုပ်စု (ငွေတောင်) တောင်ပေါ်ရှိစေတီတော်တစ်ဆူမှ ဗုဒ္ဓရုပ်ပွားတော်များအား အာစ္စလာမ်ဘာသာဝင် တစ်ဦးမှ အကြောင်းမဲ့ ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
အဆိုပါပြစ်မှုကျူးလွန်သူအား ရွှေလေ ရဲတပ်ဖွဲ့ စခန်းမှူး ရဲအုပ် မောင်မောင်လေးမှ အချိန်နှင့်တပြေးညီ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည် ။”လို့ရေးသားပြီး “ReallyPage” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာ မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေ အရေအတွက် ၃၀၀ ဝန်းကျင် ရှိပါတယ်။တူညီတဲ့ ရေးသားမျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
ဓာတ်ပုံကို Google မှာ ပုံရှာနည်းအသုံးပြုရှာဖွေရာမှာ ဖြစ်စဉ်ဟာ ၂၀၁၇ ခုနှစ် မေလအတွင်းက သံတွဲမြို့နယ် ရွှေလှေတိုက်နယ်က ဖြစ်စဉ်တစ်ခုဖြစ်တာတွေ့ရပါတယ်။

သတင်းစာသားတွေပါဝင်သလို ဘုရားဆင်းတုတော်တွေ ဖျက်ဆီးခံရတဲ့ဓာတ်ပုံပါဝင်တဲ့ နိုင်ငံတကာ မြန်မာ သတင်းအဖွဲ့ (Burmese News International-BNI)ဝက်ဘ်ဆိုက်မှာ မေ ၁၄ ရက်က အောက်ပါ အတိုင်း ရေးသားဖော်ပြထားပါတယ်။
“ရခိုင်ပြည်နယ် သံတွဲမြို့နယ် ရွှေလှေတိုက်နယ် ဘုရားမော်ရွာ ငွေတောင် စေတီရှိ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးသဖြင့် မူဆလင် လူငယ် တစ်ဦးအား ရဲက ဖမ်းဆီးထိန်းသိမ်းထားသည်ဟု သတင်းရရှိသည်။
သံတွဲမြို့နယ် ရွှေလှေရဲစခန်း စခန်းမှူး ရဲအုပ် မောင်မောင်လေးက “ မနေ့က မနက်မှာ အဲဒီ ဘုရားတွေကို ဖျက်ဆီးတဲ့ ကောင်လေးကို ဖမ်းဆီးထိန်းသိမ်းပြီး အမှုဖွင့်ထားပါတယ်။ ဘုရားဖျက်တဲ့ အတွက် ရာဇသတ်ကြီး ပုဒ်မ ၂၉၅ နဲ့ အမှုဖွင့်ထားပါတယ်။ အသက်မပြည့်သေးတဲ့ အတွက် သံတွဲရဲစခန်းမှာ ထိန်းသိမ်းထားပါတယ်” ဟု နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။
၎င်းလူငယ်မှာ နေလင်းစိုး(ခ) စိုးမိုးဦး (၁၅) နှစ် (ဘ) ဦးစိုးခိုင်ထွန်း၊ ကမန်/အစ္စလာမ် ဖြစ်ပြီး သံတွဲမြို့နယ် လင်းသီကျေးရွာမှ ဖြစ်ကြောင်း စခန်းမှူးက အတည်ပြု ပြောဆိုသည်။”စသည်ဖြင့်ရေးသားထားပါတယ်။

မူရင်းလင်ခ့် – Bnionline | Archive link
သုံးသပ်ချက်
အထက်ပါအချက်အလက်အရ သတင်းနဲ့ ဓာတ်ပုံဟာ ၂၀၁၇ ခုနှစ်အတွင်းက ရခိုင်ပြည်နယ် သံတွဲခရိုင်အတွင်းက ဖြစ်စဉ်တစ်ခုဖြစ်တာတွေ့ရပါတယ်။

Title:၂၀၁၇ ခုနှစ်က သံတွဲ ရွှေလှေတိုက်နယ်က ဗုဒ္ဓ ဆင်းတုတော်အချို့ ဖျက်ဆီးခံရတဲ့သတင်းကို လက်ရှိအဖြစ်အပျက်သဖွယ်မျှဝေ
Fact Check By: Nayar MaungResult: Misleading