Fact Check: မူးယစ်ဆေးဖြစ်စေတာကြောင့် ထန်းသီးတွေကို မီးရှို့နေပုံလား-မဟုတ်ပါ

Missing Context လူမှုရေး

ထန်းသီးဟာ မူးယစ်ဆေးအမျိုးမျိုးရဲ့ အရင်းအမြစ်အဖြစ် တွေ့ရှိရတဲ့အတွက် ရဲတပ်ဖွဲ့၊မီးသတ်နဲ့ သစ်တော ဦးစီး ဌာနတို့ ပူးပေါင်းပြီး ထန်းပင်နဲ့ ထန်းသီးတွေကို မီးရှို့ဖျက်စီးနေတဲ့ပုံလို့ ရေးသားထားတဲ့ ဓာတ်ပုံပို့စ်တစ်ခုကို ဖေ့စ်ဘွတ်အသုံးပြု ထောင်ပေါင်းများစွာက မျှဝေလျက်ရှိပါတယ်။ 

သို့သော်လည်း ဒီလိုမျှဝေထားတဲ့ ဓာတ်ပုံဟာ ၂၀၂၀ ခုနှစ် နိုဝင်ဘာလထဲမှာ သာပေါင်းမြို့နယ်မှာ မီးငြှိမ်းသတ်မှု ဇာတ်တိုက်လေ့ကျင့်နေခြင်းဖြစ်ပါတယ်။

“မူးယစ်ဆေးအစ ထန်းရည်ကဖြစ်လို့ ထန်းသီးများကို သစ်တောဦးစီးမှမီးရှို့ဖျက်စီး

********************************************

မူးယစ်ဆေးများဖြစ်ကြသော WY၊ ၈၈၊ တစ်ခုလို၊ ရေခဲ၊ အသီး၊ ကြယ်သီး၊ ရာမ၊ ရာဘ၊ ဘိန်းဖြူ၊ ဘိန်းမဲ၊ ၉၂၊ ၉၄၊ ‌မြင်းဆေး၊ ဆေးခြောက်နှင့်အခြား စိတ်ကြွဆေးအမျိုးမျိုး အစရှိသည်တို့ကို လူငယ်များသုံးစွဲမှုလျော့နည်းလာစေရန်နှင့်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကိုပိုမိုထိရောက်လာစေရန်အတွက် သစ်တောဦးစီးဌာနမှ မူးယစ်ဆေးအမျိုးမျိုးတို့၏ ဇာတ်မြှစ်ကိုသုသေသနပြုစမ်းသပ်လေ့လာကြည့်ရာ ထန်းသီးမှထွက်သောထန်းရည်ဖြစ်နေကြောင်းကိုသိရှိခဲ့ရသည်။ ထို့ကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်နှင့် သစ်တောဦးစီးတို့ပူးပေါင်း၍ ဒေသအသီးသီးရှိ ထန်းပင်များကိုခုတ်လှဲခြင်း၊ ကြွေကျလာသောထန်းသီးများကိုမီးရှို့ဖျက်စီးခြင်းတို့ပြုလုပ်ခဲ့ကြပြီး ရပ်ရွာစာသင်ကျောင်းများတွင် မူးယစ်ဆေးဝါးအန္တရာယ်များကိုသိရှိ‌‌လာစေရန်ဟောပြောတိုက်တွန်းခဲ့ကြောင်းသိရသည်။

ထို့အပြင် သစ်တောဦးစီးဌာနမှ ထန်းသီးခူးသူများကို သစ်တောဥပဒေအပါဝင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆိုင်ရာဥပဒေတို့ဖြင့်အရေးယူသွားမည်ဖြစ်ကြောင်း ဒေသခံများကို သတိပေးခဲ့သည်။

ဓာတ်ပုံ – သစ်တောဦးစီးဌာန

#ညွှန်ချုပ်၂”လို့ ရေးသားပြီး “Ministry of Agriculture, Livestock and Forestry”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက် နှာက ရေးသားမျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေတဲ့ အကြိမ်အရေအတွက်  ၁ သောင်း ၁ထောင်ရှိပါတယ်။ အလားတူ ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာဒီနေရာဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ ရပါတယ်။

မူရင်းလင်ခ့် – Fb linkArchive link 

အချက်အလက်စိစစ်ချက်

အဓိကကျတဲ့ စကားလုံးအချို့အသုံးပြုပြီ ရှာဖွေကြည့်ရာမှာ ဒီလို ထန်းသီးနဲ့ ထန်းရည်က မူးယစ်ဆေးထွက်လို့ မီးရှို့ဖျက်ဆီးဆိုတဲ့ ဓာတ်ပုံဟာ သာပေါင်းမြို့နယ်မှာ မီးဘေးအန္တရာယ်အတွက် ဇာတ်တိုက်လေ့ကျင့်မှု တစ်ခု ဖြစ်တာတွေ့ရပါတယ်။

Myanmar Digital News အမည်နဲ့ဝက်ဘ်ဆိုဒ်က ၂၀၂၀ ခုနှစ် နိုဝင်ဘာ ၁၆ ရက်စွဲနဲ့ သတင်းတစ်ပုဒ်မှာ ဒီဓာတ်ပုံ ကို အသုံးပြုထားတာတွေ့ရပြီး “သာပေါင်းမြို့နယ် သစ်တောဦးစီးဌာနရုံးဝန်းအတွင်းတွင် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ် နည်းများနှင့် မီးလောင်မှု၊မီးလန့်မှုဖြစ်စဉ်များ ဖြစ်ပေါ်လာပါက မီးငြှိမ်းသတ်ရေး အခြေခံ နည်းလမ်း၊ မီးငြှိမ်းသတ်နည်းများကို မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက နိုဝင်ဘာ ၁၆ ရက် နံနက် ၉ နာရီက သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။”လို့ ရေးသားမျှဝေထားပါတယ်။

မူရင်းလင်ခ့် – MDNArchive link

ထို့အပြင် “Ministry of Agriculture, Livestock and Forestry”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာဟာ ဇူလိုင်၂ ရက်ကမှ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး အခြားသော နာမည်နဲ့မသက်ဆိုင်တဲ့ နားလည်မှုလွဲမှာစေနိုင်တဲ့ အကြောင်းအရာတွေ ဆက်တိုက်တင်နေတဲ့ စာမျက်နှာတစ်ခုဖြစ်တာတွေ့ရပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအ ထန်းသီးတွေကို သစ်တောဦးစီးမှ မီးရှို့ဖျက်စီးမှုအဖြစ်ဖော်ပြနေတဲ့ ပုံဟာ ၂၀၂၀ ခုနှစ် နိုဝင်ဘာလထဲမှာ သာပေါင်းမှာမီးငြှိမ်းသတ်မှုဇာတ်တိုက် လေ့ကျင့်နေပုံဖြစ်ပါတယ်။

Avatar

Title:မူးယစ်ဆေးဖြစ်စေတာကြောင့် ထန်းသီးတွေကို မီးရှို့နေပုံလား-မဟုတ်ပါ

Fact Check By: Nayar Maung 

Result: Missing Context


Leave a Reply

Your email address will not be published. Required fields are marked *