အက်စစ်နဲ့ပက်ပြီးလုပ်ကြံခံခဲ့ရလို့ မျက်နှာ ပျက်စီးသွားခဲ့ရတဲ့ ဆရာဝန် စာရေးဆရာမ ဒေါက်တာခင်သစ်နှင်းရဲ့ အဖြစ်အပျက်အဖြစ် ဓာတ်ပုံအချို့နဲ့အတူ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက် ရှိပါတယ်။ ပျံ့နှံ့ခဲ့တဲ့ ပို့စ်တွေမှာ အက်စစ်နဲ့ အပက်ခံရလို့ မျက်နှာပျက်စီးခဲ့တဲ့ အမျိုးသမီးတယောက်ဓာတ်ပုံ၊ ဒီလို ထိခိုက်ခံစားရခြင်းမရှိခင်က ဓာတ်ပုံလို့ ဆိုနိုင်တဲ့ အမျိုးသမီးတယောက် ဓာတ်ပုံ၊ စာရေးဆရာမခင်သစ်နှင်းရဲ့ စာအုပ်မိတ်ဆက် ဓာတ်ပုံတို့လည်း ပါဝင်ပါတယ်။

အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။

“ကောင်းလွန်းလို့ပြန်တင်တာပါ

ကျနော်တို့မျက်ဝန်းထဲမှာ

လှပနေဆဲပါ_ဒေါက်တာ

ဒီဘဝနောက်ဆုံးဖြစ်ပါစေ...။

ဘဝ ရည်မှန်းချက်ကြီးမားခဲ့တဲ့ ဒေါက်တာ ခင်သစ်နှင်းဟာ ကလေးအထူးကု ဆရာဝန် ဖြစ်လုလု နှစ်လခန့် အလိုမှာ တခြား ဆရာဝန် မတယောက်က မျက်နှာကို အက်စစ်နဲ့ ပက်တာခံလိုက်ရပြီး အမြင် အာရုံ ကွယ်ပျောက် ရုံမက နဖူးရဲ့ အောက်မျက်နှာ တခုလုံးနဲ့ ရင်ညွန့်ပါ အက်စစ်စားတဲ့ဒဏ်ကို ခံလိုက်ရတယ်။

ဒီအဖြစ်မျိုးကို ကိုယ်ခံစားရရင် အမှောင်ကမ္ဘာ ကြီးထဲမှာ ဘယ်လောက် စိတ်ဓာတ်ကျစရာ ကောင်းမလဲ။ ဘဝကို ဘယ်လို ဆက်လက် ရှင်သန်ရပ်တည် နေထိုင်မလဲ။

ဒေါက်တာ ခင်သစ်နှင်းကတော့ ယခုအချိန်မှာ သူငယ်ချင်းတွေနဲ့ အတူ ကိုယ်ပိုင်ဆေးခန်း ဖွင့်တယ်။ စာတွေရေး တယ်။ “အဓိဋ္ဌာန် မှန်ပေါင်လေးတချပ်”၊ “မမြင်ရတဲ့ မြင်ကွင်းများ” နဲ့ “ပီတိမြင်ကွင်း” ဆိုတဲ့ စာအုပ်တွေ ရေးသားခဲ့ တယ်။ ပရဟိတ အလုပ်တွေကိုလည်း လုပ်နေပါတယ်။

သူ့ဘဝကို ဘယ်လို အားမာန်တင်းပြီး ပြန်လည် ထူထောင်လာခဲ့တာလဲ ဆိုတာကို သိချင်လို့ မန္တလေးမြို့က သူ့အိမ်ကို ကျနော် သွားပြီး ဒေါက်တာ ခင်သစ်နှင်းနဲ့ စကားစမြည် ပြောတယ်။”

မူရင်းလင်ခ့် – Fb link | Archive link

တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်

အက်စစ်နဲ့ပက်ပြီးလုပ်ကြံခံခဲ့ရတဲ့ မန္တလေးက ဆရာဝန် စာရေးဆရာမ ဒေါက်တာခင်သစ်နှင်းရဲ့ အဖြစ်အပျက်ဟာ မှန်ကန်ပါတယ်။ ဆရာဝန်နဲ့ စာရေးဆရာမျိုးရိုး သူမကို ဆရာဝန်ဖြစ်ခါနီး လအနည်းငယ်အလိုမှာ သူ့အဖေရဲ့ လက်အောက်မှာလုပ်နေတဲ့ ဆရာဝန်အမျိုးသမီးက မနာလိုမှုနဲ့ အခုလိုလုပ်ကြံခံခဲ့ရတယ်လို့ သူမတို့ သားအဖ အကြောင်း ရေးသားထားတဲ့ ၂၀၁၉ ခုနှစ်က ဘလော့ဂ်ပို့စ်တခုကဖော်ပြပါတယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားဟာ သူ့လုပ်ဖော်ကိုင်ဖက် သို့မဟုတ် စာပေလောက သားတဦးက သူနဲ့ တွေ့ဆုံခဲ့ရမှုအကြောင်းကို ရေးသားထားဟန်ရှိပါတယ်။ သို့သော်လည်း ဓာတ်ပုံတချို့ဟာ စာရေးဆရာမ ‌ဒေါက်တာခင်သစ်နှင်းနဲ့ သက်ဆိုင်ခြင်းမရှိပါဘူး။

အခု ပို့စ်မှာပါတဲ့ ပန်းကလေးကမ်းနေတဲ့ အက်စစ်ကြောင့် မျက်နှာပျက်စီးခဲ့ရတဲ့ အမျိုးသမီးဟာ မြန်မာနိုင်ငံက မဟုတ်ပါဘူး။ သူ့ရဲ့ အင်စတာဂရမ်စာမျက်နှာကို ဒီမှာကြည့်ပါ။ သူဟာ အိန္ဒိယက အက်စစ်နဲ့ အပတ်ခံရတဲ့ အမျိုးသမီးတဦးရဲ့ ဓာတ်ပုံသာဖြစ်တယ်။

နောက်ထပ် ပြုံးနေတဲ့ အမျိုးသမီးရဲ့ ဓာတ်ပုံကိုလည်း ဒီလင့်ခ်မှာ တွေ့ရပါတယ်။ သူဟာ Lady Grace Diamond Land ကုမ္ပဏီ ဥက္ကဌ ဒေါ်နန်းတင်မိုးသူရဲ့ ဓာတ်ပုံသာဖြစ်ပါတယ်။ ဒီဓာတ်ပုံဟာ သူ့ ဓာတ်ပုံသာဖြစ်ကြောင်း လည်း ဒေါ်နန်းတင်မိုးသူက Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်သူ တစ်ယောက်ကို အတည်ပြုပါတယ်။ ဒီဓာတ်ပုံ အခုလို ဆရာမခင်သစ်နှင်းရဲ့ ဇာတ်လမ်းကို ဖြန့်ဝေရာမှာ သူ့ဓာတ်ပုံ ပါဝင်လာရခြင်းကတော့ ဒီအဖြစ်အပျက်ကို သူမရဲ့ လူမှုကွန်ယက်မျာ ပြန်လည်မျှဝေမိရာကနေဖြစ်နိုင် ကြောင်းလည်း သုံးသပ်ပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်အရ အက်စစ်နဲ့ အပက်ခံရတဲ့ ဆရာဝန် စာရေးဆရာမ ခင်သစ်နှင်းရဲ့ ဖြစ်စဉ်ဟာ မှန်ပေမဲ့ ဓာတ်ပုံတွေဟာ သူမနဲ့ မသက်ဆိုင်တဲ့ ဓာတ်ပုံအချို့ပါဝင်နေတာတွေ့ရပါတယ်။ ပန်းကိုင်ထားတဲ့ အမျိုးသမီးရဲ့ ဓာတ်ပုံဟာ အိန္ဒိယက အက်စစ်နဲ့ အပက်ခံရတဲ့ အမျိုးသမီးတယောက်ရဲ့ ဓာတ်ပုံဖြစ်ပြီး အခြားတယောက်ကတော့ မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးရဲ့ ဓာတ်ပုံဖြစ်တယ်။

ပြောဆိုချက်- အက်စစ်ပက်ပြီးလုပ်ကြံခံခဲ့ရတဲ့ ဆရာဝန် စာရေးဆရာမ ခင်သစ်နှင်းရဲ့ ဓာတ်ပုံတွေ

Avatar

Title:Fact Check: ဆရာဝန် စာရေးဆရာ ဒေါက်တာခင်သစ်နှင်း ဓာတ်ပုံတွေလား-မဟုတ်ပါ

Written By: နေရာမောင်

Result: Missing Context