Fact Check: လုပ်ကြံခံရသူကျောက်မဲလွှတ်တော်ကိုယ်စားလှယ် ဦးထိုက်ဇော်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြေးတော်စပ်တယ်ဆိုတဲ့ သတင်းအမှား

False နိုင်ငံရေး | Politics

ရွေးကောက်ပွဲမှာ အနိုင်ရပြီးနောက် ပြီးခဲ့ရက်ပိုင်းက လုပ်ကြံသတ်ဖြတ်ခံရသူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDပါတီရဲ့ ကျောက်မဲခရိုင်အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးထိုက်ဇော်ဟာ NLDပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြေးဖြစ်တယ်ဆိုပြီး‌ ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်ပေါ်မှာ ရေးသားမျှဝေနေကြတာ တွေ့ရပါတယ်။

ဒီလိုရေးသားနေတဲ့ပို့စ်မှာ “လုပ်ကြံသတ်ဖြတ်ခံရသူ ဦးထိုက်ဇော်သည် အမေစု၏ မြေးတော်စပ်ကြောင်း သိရပါတယ် အမှုမှန်အမြန်ဆုံးဖော်ထုတ်နိုင်ပါစေ”ဆိုပြီးရေးသားနေကြတာတွေ့ရပါတယ်။ ဒီနေရာ ဒီနေရာနဲ့ ဒီနေရာတွေမှာ ပြန်လည်မျှဝေနေကြတာ တွေ့ရပါတယ်။ 

မူရင်းလင်ခ့် – Fb link  |  Archive link

အချက်အလက်စိစစ်ချက်
ဒီလိုရေးသားနေတာတွေနဲ့ပတ်သက်ပြီး NLDပါတီရဲ့ ဗဟိုပြန်ကြားရေးအဖွဲ့ မုံရွာအောင်ရှင်ကို Fact Crescendo Myanmarက ဆက်သွယ်မေးမြန်းရာတော့ “ဆွေစဉ်မျိုးဆက်ဇယားနဲ့တွဲပြီး ရေးနေကြတာတွေ့ပါတယ်၊ မဖြစ်နိုင်ဖို့များမယ်ထင်တယ်၊ ဘာလို့ဆို အွန်လိုင်းပေါ်မှာ တစ်ခုခုဆိုရင် နောက်ကသတင်းအမှားက ဖြစ်နေတာပဲလေ”လို့ မုံရွာအောင်ရှင်က ပြန်လည်ဖြေကြားခဲ့ပါတယ်။

ဒါ့အပြင် ဦးထိုက်ဇော်မိသားစုနဲ့ ပုဂ္ဂိုလ်ရေးအရရင်းနှီးမှုရှိပြီး နိုင်ငံရေးလုပ်ဖော်ကိုင်ဖတ်လည်းဖြစ်သူ NLDပါတီ ကျောက်မဲခရိုင်အတွင်းရေးမှူး ဒေါ်ခိုင်သဇင်ဦးကလည်း “ဒါက သတင်းအမှားပါ၊ မိသားစုဝင်တွေက ဒီလိုတော်စပ်တယ်ဆိုပြီးပြောတာ တခါမှ မကြားဖူးဘူး၊ သတင်းအမှားတွေ ထင်ရာတွေ လျှောက်နေကြတာပါ”လို့ Fact Crescendo Myanmarကို ပြန်လည်ဖြေဆိုခဲ့ပါတယ်။

(ထပ်မံဖြည့်စွက်ချက်)Fact Crescendo Myanmar က သတင်းစိစစ်ချက်ဖော်ပြပြီးနောက် “မိသားစုကပြောတဲ့ ဦးထိုက်ဇော်အကြောင်း” ခေါင်းစဉ်နဲ့ နိုဝင်ဘာ ၂၅ ရက်က ထုတ်လွှင့်ခဲ့တဲ့ ဦးထိုက်ဇော်နဲ့ပတ်သက်တဲ့ Myanmar Nowရဲ့ သတင်းတစ်ပုဒ်မှာ ဦးထိုက်ဇော်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြေးတော်စပ်ကြောင်း အစီအစဉ်တင်ဆက်သူက သတင်းရဲ့နောက်ဆုံး မှာပြောသွားတာ တွေ့ရပါတယ်။ယင်းအတွက်ကြောင့် Fact Crescendo Myanmar က လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့သောအကြောင်းအရာနှင့် ပတ်သက်ပြီးဆက်သွယ်အတည်ပြုခဲ့သူများကို နိုဝင်ဘာ ၂၈ ရက်တွင် ပြန်လည်အတည်ပြုချက်ရယူခဲ့ပါသည်။  မုံရွာအောင်ရှင်ကို ထပ်မံမေးမြန်းရာမှာတော့ “ဒါကပြောရတာတော့ ခတ်တယ်ဗျ၊ ဦးထိုက်ဇော်တို့က ရှမ်းမှာသာနေတာ သူတို့ဇာတိက မကွေးတို့ တောင်တွင်းကြီးတို့ အဲ့ဘက်က၊ ဒါကိုသိတဲ့တစ်ယောက်ယောက်က ထင်ယောင်ထင်မှားရေးသလားတော့ မသိဘူး၊ ကျွန်တော်ထင်တာတော့ မဟုတ်လောက်ဘူးထင်တယ်”လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။ ဒါ့အပြင် ဒေါ်ခိုင်သဇင်ဦးကို ပြန်လည်မေးမြန်းရာမှာတော့ မဖြစ်နိုင်ကြောင်းပြန်လည်ဖြေဆိုခဲ့ပြီး သူမအနီးမှာ ဦးထိုက်ဇော်အမျိုးသမီးရှိတာကြောင့် ဖုန်းလွှဲပေးခဲ့ပါတယ်။ ဦးထိုက်ဇော်ရဲ့ အမျိုးသမီးဒေါ်ဥမ္မာထွေးက “ဒါမဟုတ်ပါဘူး၊ ကျွန်မတို့မိသားစုဘက်ကလည်း အတိုင်ပင်ခံပုဂ္ဂိုလ်လိုမျိုးသူနဲ့ အမျိုးတော်တယ်လို့လည်း တခါမှ ဘယ်သူကိုမှ မပြောဖူးပါဘူး၊ ဒီလိုပြောနေကြတာတွေ့လို့ သူ့အမေကိုလည်း မေးဖူးပါတယ်၊ အပြင်မှာပြောနေ သလို မဟုတ်ပါဘူး”လို့ Fact Crescendo Myanmarကို ပြန်လည်ဖြေဆိုခဲ့ပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ လုပ်ကြံခံရသူကျောက်မဲလွှတ်တော်ကိုယ်စားလှယ် ဦးထိုက်ဇော်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြေးတော်စပ်တယ်ဆိုတဲ့ရေးသားမှုတွေဟာ သတင်းအမှားသာဖြစ်တာကို တွေ့ရပါတယ်။

Avatar

Title:လုပ်ကြံခံရသူကျောက်မဲလွှတ်တော်ကိုယ်စားလှယ် ဦးထိုက်ဇော်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြေးတော်စပ်တယ်ဆိုတဲ့ သတင်းအမှား

Fact Check By: Lynn Yu 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *