
တူရကီနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းမြေငလျင်ကို ကားပေါ်က မှတ်တမ်းတင်ထားတဲ့ ဗွီဒီယိုအဖြစ် ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ တကယ်တော့ ဒီဗွီဒီယိုဟာ ၂၀၁၁ ခုနှစ် မတ်လအတွင်းက ဂျပန်နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ငလျင်က မှတ်တမ်းဖြစ်ပါတယ်။
တူရကီနဲ့ ဆီးရီးယားမှာ ဖေဖော်ဝါရီ ၆ ရက်က ငလျင်ကြီးတစ်ခုလှုပ်ခတ်ခဲ့အပြီးမှာ ဖေဖော်ဝါရီ ဒုတိယပတ်အထိ အပျက်အစီးများကြားကနေ သေဆုံးသူပေါင်း ၂၅၀၀၀ ကျော်ကို ရှာဖွေတွေ့ရှိခဲ့ပြီး လူ တစ်သန်းလောက် အတိဒုက္ခရောက်ခဲ့ရပါတယ်။
ဒီလိုအခြေအနေနဲ့အတူ “တူရကီနိုင်ငံမှာ/လှုပ်ခဲ့သော အားပြင်းမြေငလျင်”လို့ ရေးသားပြီး “THaw Ham” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြု သူက ဗွီဒီယိုကို အောက်ပါအတိုင်းမျှဝေထားရာ ပြန်လည်မျှဝေမှုပေါင်း ၃၃၀၀ ကျော်ရှိတာတွေ့ရပါတယ်။

မူရင်းလင်ခ့် – FB link | Archive link
တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ မှာ လည်းတွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
ဗွီဒီယိုပါမြင်ကွင်းဓာတ်ပုံကို Google Lens အသုံးပြုပြီး အကြောင်းအရာကို ရှာကြည့်ရာမှာ ဗွီဒီယိုဟာ လွန်ခဲ့တဲ့ ၃ နှစ်ကျော်ကတည်းက အွန်လိုင်းမှာရှိနေပါတယ်။ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်က“Y R”အမည်နဲဲ့ ယူကျူ့အကောင့်မှာ တင်ထားတဲ့ ဗွီဒီယိုမှာ ဒီမြင်ကွင်းကိုတွေ့ရပါတယ်။
ဒီယူကျူ့ဗွီဒီယိုထဲမှာ မှတ်တမ်းတင်ထားတဲ့ ရက်စွဲအဖြစ် ၂၀၁၁ ခုနှစ် မတ် ၁၁ ဆိုတဲ့ ရက်စွဲလည်းတွေ့ရပါတယ်။ ၂၀၁၁ ခုနှစ် မတ် ၁၁ ရက်မှာ ဂျပန်နိုင်ငံရဲ့ သမိုင်းမှာ အင်အားအပြင်းဆုံးငလျင်အဖြစ်မှတ်တမ်းဝင်ခဲ့တဲ့ ပြင်းအား ၈.၉ ရစ်တာစကေးရှိတဲ့ ငလျင်တစ်ခုလှုပ်ခတ်ခဲ့တာတွေ့ရပါတယ်။
ဗွီဒီယိုထဲမှာပဲ တည်နေရာပြတဲ့ အမှတ်အသားဖြစ်တဲ့ “35* 41* 49.47* N, 139* 47* 29.78* E”ဆိုတဲ့ လတ္တီကျု၊ လောင်ဂျီကျု အမှတ်အသား တွေလည်းပါဝင်ပြီး Google Map မှာ တည်နေရာကိုရှာကြည့်ရာမှာ နေရာဟာ ဂျပန်နိုင်ငံ တိုကျိုမြို့တစ်နေရာကို ပြသပါတယ်။(Japan, 〒130-0015 Tokyo, Sumida City ဆိုပြီးပြသပါတယ်။)

ဒီအပြင် တည်နေရာအနီးတဝိုက်က Google မှာ မှတ်တမ်းတင်ထားတဲ့ Street View မြင်ကွင်းနဲ့ ဗွီဒီယိုပါ မြင်ကွင်းကို တိုက်ဆိုင် စစ်ဆေးကြည့်ရာမှာလည်း တူညီမှုရှိတာကို အောက်ပါအတိုင်းတွေ့ရပါတယ်။

သုံးသပ်ချက်
၂၀၁၁ ခုနှစ် မတ် ၁၁ ရက်က ဂျပန်နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၈.၉ ရစ်တာစကေးရှိ ငလျင်လှုပ်ခတ်စဉ်က ဗွီဒီယိုဖြစ်ပါတယ်။

Title:Fact Check: ဒီဗွီဒီယိုက ၂၀၁၁ ခုနှစ် ဂျပန်ငလျင်က မှတ်တမ်းဗွီဒီယိုဖြစ်တယ်
Fact Check By: နေရာမောင်Result: False