Fact Check: တောင်ငူအကျဉ်းထောင်မှာ သမ္မတဦးဝင်းမြင့်ကို သေဒဏ်ပေးတဲ့ သတင်းတု
တောင်ငူအကျဉ်းထောင်မှာ သမ္မတဦးဝင်းမြင့်ကို သေဒဏ်ပေးလိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယို ယူကျူ့ချန်နယ် တခုက ဖြန့်ဝေထားတာသတင်းတု တခုသာဖြစ်တယ်။ “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်မှာ ဖြန့်ဝေထားတဲ့ ...
တောင်ငူအကျဉ်းထောင်မှာ သမ္မတဦးဝင်းမြင့်ကို သေဒဏ်ပေးလိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယို ယူကျူ့ချန်နယ် တခုက ဖြန့်ဝေထားတာသတင်းတု တခုသာဖြစ်တယ်။
“Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်မှာ ဖြန့်ဝေထားတဲ့ ဗွီဒီယိုပို့စ်ပါစာသား ကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။
“တောင်ငူအကျည်းထောင်မှာ ပွဲဆူပြီ
သမ္မတဦးဝင်းမြင့်ကို သေဒဏ်ပေးလိုက်လို့တဲ့
ပြည်သူတွေအလောင်းပြန်တောင်းတာမရဘူး”(မူရင်းအရေးအသား)
မူရင်းလင်ခ့် – Youtube link | Archive link
အချက်အလက်စိစစ်ချက်
သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီလိုသတင်းဖော်ပြချက်မရှိပါ။ ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ ခေါင်းစဉ်လွဲ သို့မဟုတ် လုပ်ကြံ သတင်း ခေါင်းစဉ်တုတွေ တပ်ပြီး ဆက်တိုက်ဖြန့်ဝေနေတာတွေ့ရပါတယ်။ တကယ်တမ်း ဗွီဒီယိုထဲမှာ အသံဖိုင်နဲ့ ဖတ်ကြားနေရတဲ့ အကြောင်းအရာတွေဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းတွေကို ပြန်လည်ကူးယူ ဖော်ပြနေခြင်းဖြစ်တာတွေ့ရတယ်။
အခုလည်း ဗွီဒီယိုထဲမှာဖော်ပြထားတဲ့အကြောင်းအရာဟာ The Voice of Myanmar ကဖော်ပြခဲ့တဲ့ “အင်းစိန်ထောင်က သေဒဏ်ကျခံနေရသူ ငါးယောက်ကို ကြိုးပေးကွပ်မျက်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်”တဲ့ သတင်းကို ခေါင်းစဉ်တုတပ်ထားခြင်းဖြစ်တယ်။ ၂၀၂၁ ခုနှစ်အတွင်းက ရန်ကုန်မြို့ပတ်ရထားပေါ်မှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုဖြစ်စဉ်အတွင်း ပါဝင်ပတ်သက်တယ်ဆိုပြီး ဖမ်းဆီးခံထားရတဲ့ ကိုကောင်းပြည့်စုံဦး၊ ကိုကျော်ဝင်းစိုး၊ ကိုဆန်းလင်းမောင်၊ ကိုဇေယျာဖြိုးနဲ့ မမြတ်ဖြိုးပွင့်တို့ ငါးယောက်ကို ကြိုးပေးကွပ်မျက်မယ်လို့ သတင်းတွေက ဆိုပါတယ်။ အထူးသဖြင့် စစ်အာဏာသိမ်းအပြီး သူတို့ကို လက်နက်ကိုင်တော်လှန်ပုန်ကန်ဖို့ကြိုးစားသူတွေကို ကြိုးပေးကွပ်မျက်မှု စစ်ကောင်စီက လျှို့ဝှက်လုပ်ဆောင်လေ့ရှိတာတွေ့ရပြီး အတည်ပြုထုတ်ပြန် တာမျိုး လုပ်လေ့မရှိတာတွေ့ရပါတယ်။
Also Read - Fact Check: မင်းကိုနိုင်ကို ဖမ်းမိပြီ၊ကြိုးပေးသတ်မယ်ဆိုတဲ့ သတင်းမှား
သုံးသပ်ချက်
“Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ ခေါင်းစဉ်လွဲ သို့မဟုတ် လုပ်ကြံသတင်း ခေါင်းစဉ်တုတွေ တပ်ပြီး ဖြန့်ချိလေ့ရှိတယ်။ သမ္မတဦးဝင်းမြင့်ကို သေဒဏ်ချမှတ်လိုက်တယ်ဆိုတဲ့ အထောက်အထားမရှိချိန်မှာ အင်းစိန်ထောင်မှာ သေဒဏ်ချမှတ်ထားခံရသူ ၅ ဦးကို ကြိုးပေးကွပ်မျက်မယ့်သတင်းထွက်ပေါ်နေတဲ့အကြောင်း သတင်းမီဒီယာတခုကဖော်ပြခဲ့တဲ့ သတင်းကို ကူးယူပြီး သတင်းခေါင်းစဉ်လွဲ တပ်ဖြန့်ချိနေခြင်းဖြစ်တယ်။
Title: Fact Check: တောင်ငူအကျဉ်းထောင်မှာ သမ္မတဦးဝင်းမြင့်ကို သေဒဏ်ပေးတဲ့ သတင်းတု
Author Name: နေရာမောင်
Result: Misleading