
ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီအနိုင်ရဖို့အတွက်မဲရုံမှုးတွေက ဉပဒေချိုးဖောက် ဘက်လိုက်ဆောင်ရွက်ခဲ့တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)အဖွဲ့ဝင် ဦးမြင့်နိုင်ကဝန်ခံလိုက် တယ်ဆိုပြီး တော့ရေးသားမျှဝေထားတဲ့ပို့စ်တစ်ခုကိုလူမှုကွန်ယက် အသုံးပြုသူ ထောင်ဂဏန်းဝန်းကျင်က ပြန်လည်မျှဝေထားပါတယ်။
ပျံ့နှံ့ခဲ့တဲ့ ပို့စ်တွေမှာ UEC အဖွဲ့ဝင် ဦးမြင့်နိုင်ဓာတ်ပုံနှင့်အတူ NLD ပါတီကို အနိုင်ရစေလိုတဲ့ အတွက် မဲရုံမှူးတွေက တစ်ယောက်ထဲကနေ မဲနှစ်ကြိမ်ပေးခိုင်းတာ၊ မှတ်ပုံတင်မရှိသူ၊ သေဆုံးပြီးသူများကို မဲပေးခိုင်းတာ၊ အသက် (၁၈) နှစ်မပြည့်သေးသူကို မဲပေးခိုင်းတာ၊ NLD ပါတီကိုမဲပေးရင် ပယ်မဲဖြစ်သည့်တိုင် ပယ်မဲမလုပ်တာ၊ မဲရုံပိတ်ချိန် နောက်ပိုင်း မဲများပေးခိုင်းတာတွေ လုပ်ဆောင်ပေးခဲ့တာမှန်ကန်ကြောင်း UEC တွင်း/မှူး ဦးမြင့်နိုင်မှ ဝန်ခံ ပြောကြားလိုက်တယ်လို့ ရေးသားမျှဝေထားခြင်းဖြစ်ပါတယ်။
လူမှုကွန်ယက်အသုံးပြုသူတွေကို နားလည်မှုလွဲမှားစေနိုင်တဲ့အရေးအသားနဲ့ ပို့စ်ကိုအောက်ပါအတိုင်းတွေ့ ရ ပါတယ်။ ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း အလားတူ ရေးသားမျှဝေနေတာတွေ့ ရပါတယ်။

“ကဲ _ ဘာပြောမလဲ ?
UEC ပြောကြားချက် မှတ်သားလောက်ပါပေတယ် ။
____________________
ရွေးကောက်ပွဲတွင် NLD ပါတီကို အနိုင်ရရှိစေချင်ပြီး
မဲအရေအတွက် သောင်ပြိုကမ်းပြိုရရှိစေလိုသော
စေတနာဖြင့် အောက်ခြေမဲရုံအသီးသီးမှ မဲရုံမှူးများ
သည် မဲဆန္ဒရှင်တစ်ဦးကို မဲနှစ်မဲပေးစေခဲ့ခြင်း ၊
မှတ်ပုံတင်မရှိသူများကို မဲပေးစေခဲ့ခြင်း ၊ သေဆုံးပြီး
သူများကို မဲပေးစေခဲ့ခြင်း ၊ အသက်(၁၈) နှစ် မပြည့်
သေးသူများအား မဲပေးစေခဲ့ခြင်း ၊ လူတစ်ဦးကို
သက်သေခံကတ်ပြားနှစ်ခုပေးထားပြီးမဲပေးစေခဲ့ခြင်း၊
ကြိုတင်မဲပေးပြီးသူများကို မဲထပ်ပေးစေခဲ့ခြင်း ၊
NLD ပါတီကို ပေးခဲ့သောမဲလက်မှတ်သည် ပယ်မဲ
သတ်မှတ်ရမည့်မဲ ဖြစ်ပေမယ့် ပယ်မဲမသတ်မှတ်ပဲ
ခိုင်လုံမဲသတ်မှတ်ပြီး ရေတွက်ကြေညာပေးခဲ့ခြင်း ၊
မဲရုံပိတ်ချိန်နောက်ပိုင်း မဲများပေးစေခဲ့ခြင်း ၊
စသည်တို့ကို လုပ်ဆောင်ပေးခဲ့သည်မှာ မှန်ကန်ပါ
သည်ဟု UEC တွင်း/မှူး ဦးမြင့်နိုင်မှ ဝန်ခံပြောကြား
လိုက်သော်လည်း ၊ တပ်မတော်မှ မြို့နယ်ပေါင်း
(၂၁၈) မြို့နယ်က တပ်ပြင်မဲရုံများကိုစစ်ဆေးရန်
ပုဒ်မ ၇၄ နှင့် ပုဒ်မ ၇၆ တို့အရ မဲစာရင်းစာရွက်
စာတမ်းများတောင်းခံမှုကိုတော့ ကိုယ့်သေတွင်း
ကိုယ်တူးသလိုမျိုးဖြစ်မှာ စိုးရိမ်သဖြင့်
ခွင့်ပြုမည်မဟုတ်ဟု ပြောကြားလိုက်ကြောင်း
ကြားသိရသည် ။”လို့ရေးသားပြီး “ရဲဇာနည်” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက “USDP Supporters(Meikhtila)” အမည်နဲ့ဖေ်စ်ဘွတ်အုပ်စုကို ဒီဇင်ဘာ ၁ ရက် မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေသူ ၇၀၀ ဝန်းကျင်ရှိပါ တယ်။

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
NLD အတွက် အောက်ခြေမဲရုံမှူးတွေက တမင်လုပ်ဆောင်ခဲ့တယ်လို့ UEC အဖွဲ့ဝင်ဦးမြင့်နိုင်က ဝန်ခံလိုက်တယ် လို့ ဖော်ထားတဲ့ပို့စ်ဟာ သတင်းတု၊ သတင်းမှားဖန်တီးထားခြင်းဖြစ်ကြောင်း screenshot နဲ့အတူ ဒီဇင်ဘာ ၄ ရက်မှာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က “သတင်းတုသတင်းမှားဖြစ်ကြောင်း ထုတ်ပြန်ချက်”လို့ ရေးသားပြီး အောက်ပါအတိုင်းထုတ်ပြန်ထားတာတွေ့ရပါတယ်။
မူရင်းလင့်ခ် – UEC | Archive link
ပျံ့နှံ့လျက်ရှိတဲ့ပို့စ်ပါအချက်အလက်တွေဟာ သက်ဆိုင်ရာ လွှတ်တော်အသီးသီးရဲ့ ရွေးကောက်ပွဲဉပဒေအရ ကျူးလွန်ပါက ထောင်ဒဏ်နှင့်ငွေဒဏ်များချမှတ်နိုင်တဲ့အပြင် ကိုယ်စားလှယ်အဖြစ်က ရုပ်သိမ်းခံရနိုင်တဲ့ ပြစ်မှုတွေဖြစ်တာတွေ့ရပါတယ်။ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများနှင့် ပြစ်ဒဏ်များကို ဒီနေရာမှာ ဝင်ရောက်လေ့လာ နိုင်ပါတယ်။
ရွေးကောက်ပွဲတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ဖြစ်စဉ်တွေဖြစ်တာလည်းတွေ့ရပြီး ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ ဒီလိုပြစ်မှုကျူးလွန်မှုဖြစ်စဉ်တွေရှိခဲ့အတွက်“လွှတ်တော်ရွေးကောက်ပွဲဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ အရေးယူထားကြောင်းအသိပေးကြေညာခြင်း” ဆိုပြီးတော့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အခုလိုချိုးဖောက်မှုတွေ အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)က ထုတ်ပြန်ကြေညာထား ဒီလင့်ခ်၊ ဒီလင့်ခ်၊ ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်ရ NLD အတွက် အောက်ခြေမဲရုံမှူးတွေက ဉပေဒချိုးဖောက်ပြီး တမင်လုပ်ဆောင်ခဲ့ တယ်လို့ UEC အဖွဲ့ဝင်ဦးမြင့်နိုင်က ဝန်ခံလိုက်တယ်ဆိုတဲ့အချက်အလက်ဟာ သတင်းတု သတင်းမှားဖြစ်ပြီး ဦးမြင့်နိုင်က ပြောကြားခဲ့တဲ့ဆိုတဲ့အထောက်အထားမရှိတာ တွေ့ရပါတယ်။

Title:ရွေးကောက်ပွဲမှာ NLD နိုင်ရဖို့ မဲရုံမှုးတွေ ဉပဒေတွေချိုး ဖောက်ပြီး ဘက်လိုက်ခဲ့ကြောင်း UEC အဖွဲ့ဝင် ဦးမြင့်နိုင်ဝန်ခံတယ်လို့ သတင်းတုဖြန့်
Fact Check By: Nayar MaungResult: False