ရန်ကုန်ကဈေးဝယ်စင်တာတခုမှာ MASAHIRO စမတ်နာရီကိုတိုးဝှေ့ဝယ်ယူရင်း မူးလဲကျခဲ့ရတယ်လို့ဆိုပြီး ဓာတ်ပုံအချို့နဲ့အတူ ဖေ့စ်ဘွတ်မှာ ကြော်ငြာရောင်းချနေတာတွေ့ရပါတယ်။ တကယ်တော့ ဓာတ်ပုံတွေဟာ ဗီယက်နမ် နိုင်ငံကဖြစ်ပြီး မတူညီတဲ့အဖြစ်အပျက်တွေက ဓာတ်ပုံတွေကိုအသုံးပြုပြီး လိမ်လည်လှည့်စား ထားခြင်းဖြစ်တယ်။

အောက်ပါစခရင်ရှော့ဓာတ်ပုံနဲ့ စာသားကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်တခုပါစာသား ကောက်နုတ်ချက် ဖြစ်ပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link

အချက်အလက်စိစစ်ချက်

ပထမဆုံး အဆောက်အဦးတခုထဲမှာ MASAHIRO စာတန်းပါဆိုင်တခုရှေ့မှာ တန်းစီနေတဲ့ လူအုပ်စုပါ ဓာတ်ပုံဟာ ပြုပြင်ပြောင်းလဲထားတဲ့ ဓာတ်ပုံဖြစ်တယ်။ ဓာတ်ပုံဟာ ၂၀၂၀ ခုနှစ် ဧပြီ ၂၈ ရက်မှာ ဒိန်းမတ်အခြေစိုက် လက်ဝတ်ရတနာလုပ်ငန်းစု Pandora က ၁၅ ခုမြောက်ဆိုင်ခွဲအဖြစ် ဗီယက်နမ်နိုင်ငံ ဟန်နွိုင်းမြို့က Aeon Mall Long Bien မှာ ဖွင့်လှစ်စဉ်က ဖြစ်ပါတယ်။

မူရင်းလင်ခ့် – Vnexpress.net | Archive link

ဗီယက်နမ်သတင်းဝက်ဘ်ဆိုဒ်က ၂၀၂၀ ခုနှစ်မှာဖော်ပြခဲ့တဲ့ဓာတ်ပုံနဲ့ ဖေ့စ်ဘွတ်ပို့စ်ပါ ဓာတ်ပုံကို အောက်ပါ အတိုင်းနှိုင်းယှဉ်နိုင်ပါတယ်။

ဒီဓာတ်ပုံကိုပဲ ရန်ကုန်မှာ Cihitizen အမှတ်တံဆိပ် ဂျပန်စမတ်နာရီကို ကြိတ်ကြိတ်တိုးဝယ်ယူနေပုံ အဖြစ်ပြုပြင် ပြောင်းလဲ ဖြန့်ဝေခဲ့ပါသေးတယ်။ Fact Crescendo Myanmar က အချက်အလက်စိစစ်ထားတာ ဒီလင့်ခ်မှာ ကြည့်ပါ။

နောက်ထပ် ဓာတ်ပုံတပုံကတော့ ဗီယက်နမ်နိုင်ငံက ဓာတ်ပုံပဲဖြစ်ပြီး၂၀၁၅ ခုနှစ်အတွင်းက Big C စူပါမားကတ်မှာ လေပေးစနစ်ချို့ယွင်းချက်ကြောင့် မူးလဲကျတဲ့ မြင်ကွင်းဓာတ်ပုံသာဖြစ်တယ်။ ဒီလင့်ခ်မှာကြည့်ပါ။

သုံးသပ်ချက်

ဓာတ်ပုံဟာ ၂၀၂၀ ခုနှစ် ဧပြီ ၂၈ ရက်မှာ ဒိန်းမတ်အခြေစိုက် လက်ဝတ် ရတနာလုပ်ငန်းစု Pandora က ဗီယက် နမ်နိုင်ငံ ဟန်နွိုင်းမြို့မှာ အရောင်းပြခန်းဖွင့်လှစ်မှု ဓာတ်ပုံကို ပြုပြင်ပြောင်းလဲထားခြင်းဖြစ်တယ်။ ဂျပန်အမှတ် တံဆိပ်နာရီတွေထဲမှာ MASAHIRO အမည်နဲ့ နာမည်ကြီး အမှတ်တံဆိပ်နာရီရှိတယ်ဆိုတဲ့ အထောက်အထား လည်းမတွေ့ရပါဘူး။

ပြောဆိုချက်- ရန်ကုန်ကဈေးဝယ်စင်တာတခုမှာ ဂျပန်နာမည်ကြီး MASAHIRO စမတ်နာရီတိုးဝှေ့ဝယ်ယူရင်း မူးလဲကျခဲ့ရတဲ့ပုံ

Avatar

Title:Fact Check: ရန်ကုန်ကဈေးဝယ်စင်တာမှာ စမတ်နာရီ ဝယ်နေပုံလား-မဟုတ်ပါ

Written By: နေရာမောင်

Result: Altered