Fact Check: အဆီချဆေးအဖြစ်ရောင်းချနေတဲ့ Vitaccino ဟာ အသက်အန္တရာယ်ရှိ

False ကျန်းမာရေး၊ | Health

အဆီချကော်ဖီအဖြစ်ရောင်းချနေတဲ့ Vitaccino ဟာကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အဆီချခြင်းနဲ့ ခန္ဓာကိုယ် အလေး ချိန်ကျလိုတဲ့သူတွေအတွက်သုံးစွဲသင့်တဲ့ ထုတ်ကုန်အဖြစ် ရောင်းချနေတာဟာ နားလည်မှုလွဲစေနိုင်ပါတယ်။ Vitaccino အမှတ်တံဆိပ်ကော်ဖီဟာ အသက်သေဆုံးနိုင်တဲ့အထိဖြစ်စေတယ်လို့ အမေရိကန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနက ထုတ်ပြန်ထားပါတယ်။

အောက်ပါscreenshot ကတော့ ဖေ့စ်ဘွတ်မှာတွေ့ရတဲ့ Vitaccino ကော်ဖီရဲ့ အကျိုးကျေးဇူးတွေကို ဖော်ပြတိုက် တွန်းထားတဲ့ အရောင်းကြော်ငြာပို့စ်တစ်ခုပါ။ Vitaccino ကော်ဖီ ဘလက်ကော်ဖီအမျိုးအစားဖြစ်ပြီး အဆီပိုတွေ ကို အမြန်ဆုံးချချင်သူတွေအတွက်၊ ကိအစားရှောင်စရာမလိုသူတွေအတွက်၊ လေ့ကျင့်ခန်းမလုပ်လိုဘဲ ကိုယ်အလေးချိန်ချလိုသူတွေအတွက် ၁၅ ရက်အတွက်း ၁၀ ပေါင်းအထိကိုယ်အလေးချိန်ချနိုင်ပြီး တစ်လကို ၁၆ပေါင်ကနေ ပေါင် ၂၀ အထိချနိုင်တယ်လို့ဆိုပါတယ်။

မူရင်းလင်ခ့် – FB linkArchive link  

အလားတူကြော်ငြာတွေကို ဒီနေရာဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ 

အချက်အလက်စိစစ်ချက်

Vitaccino အမှတ်တံဆိပ်ကော်ဖီမှာ ဆက်ဗျူထရာမင်း(sibutramine)ဆိုတဲ့ ဓာတ်ပစ္စည်းတစ်မျိုးပါဝင်ပြီး တစ်ချို့သော ကိစ္စရပ်တွေမှာ လူကိုသေစေနိုင်တဲ့အထိဖြစ်နိုင်တယ်လို့ အမေရိကန်အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဌာန(Food And Drug Administration- FDA)က ၂၀၁၄ ခုနှစ် မတ် ၁၉ ရက်ကတည်းက ထုတ်ပြန် ထားပါတယ်။ ဆက်ဗျူထရာမင်းကို ၂၀၁၀ ခုနှစ် အောက်တိုဘာကတည်းက အန္တရာယ်ရှိပစ္စည်းအဖြစ် ဈေးကွက် အတွင်းဖြန့်ဖြူးခြင်းမပြုဖို့ FDA ကတားမြစ်ထားပါတယ်။

အောက်ပါစာသားတွေကတော့ FDA က ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်ဖြစ်ပါတယ်။

“အများသူငှာ အသိပေးချက်- Vitaccino ကော်ဖီတွင် ဝှက်ထားသော ဆေးပါဝင်ပစ္စည်း ပါရှိသည်

[3-19-2014] အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) သည် စားသုံးသူများအား ကိုယ်အလေးချိန် လျှော့ချရန်အတွက် ဝဘ်ဆိုက်အမျိုးမျိုးနှင့် လက်လီစတိုးဆိုင်အချို့တွင် ရောင်းချသည့် Vitaccino ကော်ဖီကို ဝယ်ယူသုံးစွဲခြင်းမပြုရန် အကြံပြုထားသည်။

FDA ဓာတ်ခွဲခန်းမှ ခွဲခြမ်းစိတ်ဖြာမှုအရ Vitaccino ကော်ဖီတွင် ဘေးကင်းလုံခြုံရေးအကြောင်းပြချက်ဖြင့် ၂၀၁၀ ခုနှစ် အောက်တိုဘာလတွင် စျေးကွက်မှ ဖယ်ရှားခဲ့သော ထိန်းချုပ်ထားသည့် sibutramine ပါဝင်ကြောင်း အတည်ပြုခဲ့သည်။ sibutramine သည် အချို့သောလူနာများတွင် သွေးပေါင်ချိန်နှင့်/သို့မဟုတ် သွေးခုန်နှုန်းကို သိသာထင်ရှားစွာ တိုးမြင့်လာသောကြောင့် ထုတ်ကုန်သည် စားသုံးသူများအတွက် ခြိမ်းခြောက်မှုဖြစ်စေသည်။ Sibutramine သည် နှလုံးသွေးကြောကျဉ်းရောဂါ၊ သွေးကြောပိတ်ခြင်း၊ နှလုံးခုန်မြန်ခြင်း သို့မဟုတ် လေဖြတ်ခြင်း ဆိုင်ရာ ရာဇဝင်ရှိလူနာများအတွက် သိသာထင်ရှားသောအန္တရာယ်တစ်ခုလည်း ဖြစ်နိုင်သည်။ ဤထုတ်ကုန်များ သည် စားသုံးသူတစ်ဦး သောက်သုံးနေနိုင်သည့် အခြားဆေးဝါးများနှင့် အသက်အန္တရာယ်ရှိသော နည်းလမ်းများ ဖြင့်လည်း အကျိုးသက်ရောက်မှုရှိနိုင်သည်။”

မူရင်းလင်ခ့် – Food And Drug AdministrationArchive link  

ထို့အပြင် ၂၀၂၁ ခုနှစ်ထဲမှာလည်း ဇွန် ၁၅ ရက်မှာလည်း ဈေးရောင်းဈေးဝယ်ဝက်ဘ်ဆိုဒ်နဲ့ အွန်လိုင်းမှာ ရောင်းချ နေတဲ့ Imperla Elita Vitaccino အမှတ်တံဆိပ်ကော်ဖီကို သောက်သုံးခြင်းမပြုကြဖို့ FDA ကထပ်မံ တိုက်တွန်းခဲ့ တာတွေ့ရပါတယ်။ ၂၀၂၁ ခုနှစ်က ဈေးကွက်အတွင်းတွေ့ရတဲ့ ဒီ Vitaccino ကော်ဖီမှာတော့ ဆက်ဗျူထရာမင်း ဆိုတဲ့ဓာတ်ပစ္စည်းအပြင် ဖျူအော့စတီး(Fluoxetine)ဆိုတဲ့ဓာတ်ပစ္စည်းတစ်မျိုးပါထပ်တိုးလာပါတယ်။ စိတ်ကျရောဂါကုသရေးမှာသုံးတဲ့ ဒီပစ္စည်းကတော့ ပိတ်ပင်ထားတဲ့ပစ္စည်းစာရင်းမှာ မပါဝင်ပေမဲ့ကန့်သတ် ပစ္စည်းဖြစ်ပြီး ဒီဓာတ်ကြောင့် ကိုယ့်ကို ကိုယ် သတ်သေတာမျိုးဖြစ်စေနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေရှိတယ်လို့ FDA က ထပ်မံကြေညာခဲ့ပါတယ်။ ဒီလင့်ခ်မှာ ကြည့်ပါ။

သုံးသပ်ချက်

အဆီချကော်ဖီ အဖြစ်ရောင်းချနေတဲ့ Vitaccino အမှတ်တံဆိပ်ကော်ဖီဟာ ဘေးထွက်ဆိုးကျိုးကြီးမားပြီး အသက်အန္တရာယ်သေဆုံးတဲ့အထိဖြစ်ပေါ်စေနိုင်လို့ အမေရိကန်အစားအသောက်နှင့်ကွပ်ကဲရေးဌာနက သုံးစွဲခြင်းမပြုဖို့ ထုတ်ပြန်တိုက်တွန်းထားတဲ့ ကုန်စည်တစ်မျိုးဖြစ်တာတွေ့ရပါတယ်။

Avatar

Title:အဆီချဆေးအဖြစ်ရောင်းချနေတဲ့ Vitaccino ဟာ အသက်အန္တရာယ်ရှိ

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *