
အင်္ဂလိပ်လို မပြောတတ်တဲ့ ဂျပန်ဝန်ကြီးချုပ်မိုရီဟာ အမေရိကန်သမ္မတ အိုဘားမားနဲ့တွေ့ဆုံစဉ်မှာ မှားမှားယွင်း ယွင်းပြောဆိုခဲ့တဲ့ တကယ်အဖြစ်အပျက်ဆိုပြီးတော့ ဓာတ်ပုံစာသားပို့စ်တစ်ခု မြန်မာဘာသာနဲ့ ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြား ပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ တကယ်တော့ အမှန်တကယ်အဖြစ်အပျက် တစ်ခုမဟုတ်ဘဲ နိုင်ငံရေးဟာသတစ်ခုသာဖြစ်ပါတယ်။
အောက်ပါစရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ဖေ့စ်ဘွတ်ပို့စ်တစ်ခုဖြစ်ပါတယ်။ ဝန်ကြီးချုပ်မိုရီဟာ ဝါရှင်တန်ကိုသွား ရောက်ပြီး သမ္မတအိုဘားမားနဲ့မတွေ့ခင်မှာ အင်္ဂလိပ်လို အပြန်အလှန်ပြောဆို နှုတ်ဆက်တဲ့ စကားပြောကို သင်ယူခဲ့ပြီး “Who”နဲ့ “How”မှားယွင်းပြောကြားမိတာကြောင့် ဟာသဖြစ်ခဲ့ရသလို အရှက်တကွဲဖြစ်ခဲ့ရတဲ့ အကြောင်းရေးသားထားတာဖြစ်ပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာလည်း တွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
ဖြန့်ဝေထားတဲ့ ပို့စ်အောက်မှာ ဒီဖြစ်စဉ်တကယ်မဟုတ်ဘဲ ဟာသဖြစ်တဲ့အကြောင်းမှတ်ချက်ပေးကြတာ တွေ့ရပါတယ်။ ပထမဆုံး အမေရိကန်သမ္မတအိုဘားမားနဲ့ ဂျပန်မှာ လူကြိုက်နည်းခဲ့တဲ့ ဂျပန်ဝန်ကြီးချုပ် မိုရီတို့ရဲ့ နိုင်ငံတာဝန်ထမ်းဆောင်ချိန်ကို Fact Crescendo Myanmar အနေနဲ့ သတိပြုမိပါတယ်။ ဘားရတ် အိုဘားမား(Barack Obama)ဟာ ၂၀၀၉ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ အမေရိကန်သမ္မတအဖြစ်တာဝန်ယူခဲ့ပြီး ဂျပန်ဝန်ကြီးချုပ် ယိုရှိယောမိုရီ(Yoshiro Mori)ကတော့ ၂၀၀၀ ခုနှစ်ကနေ ၂၀၀၁ ခုနှစ်အထိ တစ်နှစ်သာတာ ဝန်ထမ်းဆောင်ခဲ့ရတဲ့ ဂျပန်မှာသက်တမ်းအတိုဆုံး ဝန်ကြီးချုပ်တစ်ဦးဖြစ်ခဲ့ပါတယ်။
ဒီအချက်အရ ဝန်ကြီးချုပ် မိုရီ တာဝန်ယူခဲ့တဲ့ကာလအပိုင်းအခြားဟာ သမ္မတ အိုဘားမားတာဝန်ယူခဲ့တဲ့နှစ်ထက် အနည်းဆုံး ၈ နှစ်လောက်စောပါတယ်။
ဒီအပြင် Google မှာ “Obama Mori”ဆိုတဲ့ စကားလုံးနဲ့ ရှာကြည့်မယ်ဆိုရင် ဒီအဖြစ်အပျက်ဟာ နိုင်ငံတကာမှာ လည်း ပျံ့နှံ့ခဲ့ဖူးပြီး သက်ဆိုင်ရာ အချက်အလက်စိစစ်တဲ့အဖွဲ့အစည်းတွေက အချက်အလက ်စိစစ်ထားတာ တွေ့ရပါတယ်။ အောက်ပါစရင်ရှော့ကတော့ အမေရိကန်အခြေစိုက် အချက်အလက်စိစစ်ရေးအဖွဲ့ Snopes က ၂၀၀၉ ခုနှစ်၊ ဇွန်လကတည်းက ဒီအကြောင်းအရာကို အချက်အလက်စိစစ်ထားတာဖြစ်ပါတယ်။ ဂျပန်ဝန်ကြီးချုပ် မိုရီကို အခြားသော ကမောက်ကမပြောကြားချက်တွေအဖြစ် သမ္မတ ဘီကလင်တန်နဲ့ ပြောဆိုချက်ဆိုပြီး တော့ဒီလိုပဲ ဖြန့်ဝေခဲ့ပါသေးတယ်။

သုံးသပ်ချက်
အဖြစ်အပျက်ဟာ အမေရိကန်နိုင်ငံဆိုင်ရာ ဂျပန်သံရုံးက တကယ့်အဖြစ်အပျက်လို့ဆိုထားပေမဲ့ တကယ်တော့ သမ္မတအိုဘားမားနဲ့ ဂျပန်ဝန်ကြီးချုပ် မိုရီတို့ တာဝန်ထမ်းဆောင်ချိန်ဟာ အနည်းဆုံး ၈ နှစ်ကွာဟပြီး နှစ်ဦးတွေ့ဆုံခဲ့တဲ့ အထောက်အထားလည်းမရှိပါဘူး။
ပြောဆိုချက်- သမ္မတအိုဘားမားတို့တွေ့ဆုံစဉ် ဂျပန်ဝန်ကြီးချုပ်မိုရီပြောခဲ့တဲ့ အလွဲလွဲအမှားမှားအင်္ဂလိပ်စကား

Title:Fact Check: အိုဘားမားနဲ့တွေ့ဆုံစဉ် ဂျပန်ဝန်ကြီးချုပ် မိုရီရဲ့ အင်္ဂလိပ်လို မှားယွင်း ပြောကြားချက်လား- တကယ်မဟုတ်ပါ
Fact Check By: နေရာမောင်Result: Satire