Fact Check: ဗုံးလာကြဲတဲ့ Mi 35 ရဟတ်ယာဉ်ပစ်ချခဲ့ကြောင့် KIA အတည်ပြုတဲ့ သတင်းတု

False နိုင်ငံရေး | Politics

KIA ဌာနချုပ်ကို ဗုံးလာကြဲတဲ့ Mi 35 ရဟတ်ယာဉ်ပစ်ချခံရတယ်ဆိုတဲ့ ပို့စ်တစ်ခု ယူကျူ့မှာဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းခေါင်းစဉ်တုတပ်ပြီး သတင်းတွေကို ဖြန့်ဝေနေခြင်းဖြစ်တယ်။

အောက်ပါစခရင်ရှော့နဲ့ စာသားကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်က ရယူထားခြင်းဖြစ်ပါတယ်။ 

“ KIA ဌာနချုပ်လိုင်ဇာကို ဗုံးလာကျတဲ့ MI-35 ရဟတ်ယာဉ်(၁)စင်း KIA ပစ်ချလိုက်ပြီဟေ့/အတည်ပြုပြီး”

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

“Share Local Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းခေါင်းစဉ်တုတွေတပ်ပြီး သတင်းမီဒီယာ အချို့မှာ ဖော်ပြထားတဲ့ သတင်းတွေကို ပြန်လည်ကူးယူဖော်ပြလေ့ရှိတဲ့ ချန်နယ်တခုဖြစ်တယ်။ 

အခုလည်း ကချင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KIA) ဗဟိုဌာနချုပ်အဖြစ် လူသိများတဲ့ လိုင်ဇာအနီးမှာ မြန်မာစစ်တပ်နဲ့ တိုက်ပွဲပြင်းထန်နေတဲ့အကြောင်းကိုဖော်ပြရာမှာ အခုလိုခေါင်းစဉ်တုတပ်ထားခြင်းဖြစ်တယ်။ လိုင်ဇာအနီး မဒီးယန်နဲ့ အောင်ဂျာရွာဘက်မှာ ဩဂုတ် ၂၆ ရက် မနက် ၉ နာရီလာက်ကစပြီး စစ်တပ်နဲ့ KIA တို့ တနေကုန် နီးပါးတိုက်ပွဲ ပြင်းထန်ခဲ့ပြီး မဒီးယန်နဲ့ နမ်ဆန်ယန်မှာ ညနေပိုင်းက လေကြောင်းကနေ တိုက်ခိုက်တာ ရှိခဲ့တဲ့အကြောင်းကို ပြန်လည်ဖော်ပြနေခြင်းဖြစ်တယ်။ ဒီသတင်းတပုဒ်လုံးမှာလည်း လေယာဉ် သို့မဟုတ် ရဟတ်ယာဉ်ပျက်ကျတဲ့ အကြောင်း သို့မဟုတ် ပစ်ချခံရတဲ့အကြောင်းမပါဝင်ဘဲ လေကြောင်းကနေ လာရောက်ဗုံးကြဲခဲ့တဲ့အကြောင်းသာပါဝင်တယ်။ ဒီလင့်ခ်မှာကြည့်ပါ။

ဒီလိုပဲ စစ်တပ်နဲ့ နီးစပ်တဲ့ VOM သတင်းဌာနကလည်း ဒီသတင်းကိုဖော်ပြခဲ့ပါသေးတယ်။ ဒီသတင်းမှာလည်း လေယာဉ်နဲ့ ပစ်ချခံရတဲ့အကြောင်းမပါဝင်ပါဘူး။ ဒီလင့်ခ်မှာကြည့်ပါ။

၈ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ အခြားသော သတင်းတွေကတော့ ကော့ကရိတ်မြို့အဝင်ရှိ စစ်တပ် စခန်းနှင့် ကော့နွဲ့ကျေးရွာရှိ စစ်တပ်စခန်း တို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက် ခိုက်မှု စစ်သား ၅ ဦးသေဆုံး၊ မြင်းမူမြို့နယ်၊ ထီးဆောင်းကျေးရွာရှိ စစ်တပ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်တပ်ဘက် မှ ထိခိုက်သေဆုံးသူ များပြားစတဲ့ သတင်းတွေကို ပြန်လည်ဖတ်ကြားနေခြင်းဖြစ်တယ်။

သုံးသပ်ချက်

KIA ဗဟိုဌာနချုပ် လိုင်ဇာအနီးမှာ မြန်မာစစ်တပ်နဲ့ တိုက်ပွဲပြင်းထန်နေပြီး မဒီးယန်နဲ့ အောင်ဂျာရွာဘက်ကို စစ်တပ်က တိုက်လေယာဉ် ၃ စီးနဲ့ ဗုံးလာကြဲသွားတဲ့ သတင်းကို ခေါင်းစဉ်တုတပ်ပြီး မျှဝေနေခြင်းဖြစ်တယ်။ KIA က ရဟတ်ယာဉ် ပစ်ချခဲ့တယ်ဆိုတဲ့ အထောက်အထားမတွေ့ရပါဘူး။

ပြောဆိုချက်- KIA ဌာနချုပ်လိုင်ဇာကို ဗုံးလာကြဲတဲ့ MI-35 ရဟတ်ယာဉ်(၁)စင်း KIA ပစ်ချ

Avatar

Title:Fact Check: ဗုံးလာကြဲတဲ့ Mi 35 ရဟတ်ယာဉ်ပစ်ချခဲ့ကြောင့် KIA အတည်ပြုတဲ့ သတင်းတု

Written By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *