
“ပြည်ခိုင်ဖြိုးပါတီ၏ ထိပ်ပိုင်းခေါင်းဆောင်တိုင်း ပြည်သူပိုင်ငွေ မခိုးဖူးသူမရှိသောကြောင့် ရှက်စရာကြောက်စရာ မလိုဟု အမတ်ဦးစိုးသိန်း ပြောဆို”လို့ခေါင်းစဉ်တပ်ထားပြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုးသိန်း မီဒီယာတွေကိုစကားပြောနေဟန်နဲ့ screenshot တစ်ခု ဖေ့စ်ဘွတ် သုံးစွဲသူတွေကြားမှာ ပျံ့နှံ့ခဲ့ပါတယ်။
“Current Affiars”အမည်နဲ့ဖေ့စ်ဘွတ်အုပ်စုမှာ Justin Trvol အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပြီး ၂၄ နာရီအတွင်းမှာ လူမှုကွန်ယက်သုံးစွဲသူ ၁ ထောင်ကျော်က ပြန်လည်မျှဝေခဲ့ကြပါတယ်။

Eleven မီဒီယာတံဆိပ်ကို မျှဝေထားတဲ့ screenshot မှာတွေ့မြင်ရပါတယ်။ အမှန်တကယ်ပဲ လွှတ်တော် ကိုယ်စားလှယ်ဦးစိုးသိန်းက ပြောခဲ့ပါသလား။ အချက်အလက်စိစစ်ကြည့်ရအောင်။
အချက်အလက်စိစစ်ချက်
ပထမဆုံး အလဲဗင်းသတင်းဌာနရဲ့ ဗွီဒီယိုဝက်ဘ်ဆိုဒ်မှာ အခုဗွီဒီယိုနဲ့အလားသဏ္ဌာန်တူတဲ့ ဗွီဒီယိုရှာဖွေရာမှာ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုးသိန်းရဲ့ “ဒီဖွဲ့စည်းပုံက အာဏာမသိမ်းအောင်လုပ်ထားတဲ့ ဖွဲ့စည်းပုံဗျ”ဆိုတဲ့ ပြောကြားချက်ကို Eleven Short View အနေနဲ့ တင်ဆက်ထားတဲ့ ဗွီဒီယိုတစ်ခုတွေ့ရပါတယ်။
ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်တဲ့ ဥပဒေကြမ်းတွေနဲ့ ပတ်သက်ပြီး ဆက်လက်ဆွေးနွေးမှုတွေ ပြုလုပ်ပြီးနောက် မီဒီယာများနဲ့ တွေ့ဆုံစဉ်မှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုးသိန်းရဲ့ ပြောကြားချက်ကို Eleven Short View မှာတင်ဆက် ထားတာကို အောက်ပါလင့်ခ်မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
ဒီဗွီဒီယိုရဲ့ ၃၇ စက္ကန့်အကြာက မြင်ကွင်းဟာ ယခုမျှဝေထားတဲ့ screenshot နဲ့ ပုံစံတူနေတာတွေ့ရပါတယ်။ “Current Affiars”အမည်နဲ့ဖေ့စ်ဘွတ်အုပ်စုမှာ Justin Trvol မျှဝေထားတဲ့ screeshot နဲ့ “ဒီဖွဲ့စည်းပုံက အာဏာမသိမ်းအောင်လုပ်ထားတဲ့ ဖွဲ့စည်းပုံဗျ”ဆိုတဲ့ခေါင်းစဉ်နဲ့ ဖော်ပြထားတဲ့ Eleven Short View က မှာပြောကြားချက်ကို screeshot ကိုအောက်ပါအတိုင်းယှဉ်ကြည့်နိုင်ပါတယ်။

သုံးသပ်ချက်
အထက်မှာဖော်ပြခဲ့တဲ့ အချက်အလက်တွေအရ “Current Affiars”အမည်နဲ့ဖေ့စ်ဘွတ်အုပ်စုမှာ Justin Trvol မျှဝေထားတဲ့ screeshot ဟာ “ဒီဖွဲ့စည်းပုံက အာဏာမသိမ်းအောင်လုပ်ထားတဲ့ ဖွဲ့စည်းပုံဗျ”ဆိုတဲ့ခေါင်းစဉ်နဲ့ ဖော်ပြထားတဲ့ Eleven Short View ဗွီဒီယိုက မြင်ကွင်းတစ်ခုကို screenshot ယူပြီးတော့ ဒီဂျစ်တယ် ဓာတ်ပုံ တည်းဖြတ်မှုနည်းလမ်းကို အသုံးပြုပြီးတော့ စာသားကို လိုသလို ပြင်ဆင်ထားတဲ့ သတင်းတုဖြစ်ပါတယ်။

Title:ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်တွေ ပြည်သူပိုင်ငွေ မခိုးဖူးသူမရှိဘူးလို့ အမတ်ဦးစိုးသိန်း ပြောဆိုတဲ့ သတင်းတု
Fact Check By: Nayar MaungResult: False