Fact Check: တောင်ကြီးမြို့ကို တော်လှန်ရေးအဖွဲ့တွေ သိမ်းဖို့ကြေညာသလား-မဟုတ်ပါ

Misleading နိုင်ငံရေး၊

တောင်ကြီးမြို့ကို တော်လှန်ရေးအဖွဲ့တွေ သိမ်းဖို့ကြေညာလိုက်တယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့ချန်နယ် တခုက ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှား ဖြန့်ဝေမှုသာဖြစ်တယ်။

အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ ဇန်နဝါရီ ၂၅ ရက်ကစတင်ဖြန့်ဝေခဲ့တဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၁ သိန်းခွဲဝန်းကျင်ရှိတယ်။

“တောင်ကြီးမြို့ကို သိမ်းဖို့ ရုတ်တရက် ကြေငြာလို့ ဗိုလ်ချုပ်တွေ လန့်ကုန်ပြီ တရုတ်တောင် လာကယ်လို့ မရတော့ဘူး”(မူရင်းအရေးအသား)

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

တကယ်တမ်း ဗွီဒီယိုပါအကြောင်းအရာဟာ ရန်ကုန်ခေတ်သစ်မီဒီယာကဖော်ပြခဲ့တဲ့ အယ်ဒီတာအာဘော် တခုကို ပြန်လည်ဖတ်ကြားနေခြင်းဖြစ်တယ်။ ဒီလင့်ခ်မှာ ကြည့်ပါ။ 

ရှမ်းတောင်မှာ အခြေစိုက်တဲ့ PNLA ကို လက်နက်သယ်ယူ လာတဲ့အကြောင်းပြချက်နဲ့ တိုက်ခိုက်မှုကြောင့် တိုက်ပွဲရယ်လို့ မရှိလှတဲ့ ရှမ်းတောင်ပိုင်းက ဒီအခင်းအကျင်းဟာ ပြောင်းလဲလာနိုင်ကြောင်း ရေးသားထားတာဖြစ်တယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မြို့ပေါင်း ၁၇ ခုနဲ့ စခန်းပေါင်း ၅၀၀ နီးပါး လက်လွှတ်လိုက်ရပြီးဖြစ်ပေမဲ့လည်း ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ်မှာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)ရဲ့ လက်နက်ခဲယမ်းသယ်ဆောင်လာတဲ့ယာဉ်တန်းကို ဖမ်းဆီးတာ၊ PNLA ရဲ့ ဆက်ဆံရေးရုံးတွေကို ဝင်စီးတာတွေလုပ်ခဲ့ပြီး တိုက်ပွဲတွေကို စတင်လိုက်တယ်လို့ ဒီအယ်ဒီတာအာဘော်မှာဖော်ပြခဲ့ပါတယ်။ ဒီအပြင် ဆီဆိုင်မြို့နယ်ထဲက နောင်ထော်ကျေးရွာကိုလည်း တိုက်ပွဲမရှိဘဲ လေယာဉ်နဲ့ ဗုံးကြဲတာတွေလုပ်ခဲ့တာကြောင့် စစ်ကောင်စီက ရှမ်းပြည်နယ်တောင်ပိုင်းကို စစ်မီးမွှေးတာကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်လာတာဖြစ်ပြီး အပြန်အလှန်အားဖြင့် တိုင်းနဲ့ ပြည်နယ် ၁၄ ခုမြို့တော်တွေထဲမှာ လက်ရှိအချိန်အထိ တည်ငြိမ်နေတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့အထိ ဖြစ်ပေါ်လာနိုင်တဲ့ မြို့သိမ်း တိုက်ပွဲတွေဖြစ်လာနိုင်ဖွယ်ရှိတဲ့ အကြောင်းရေးသားထားပါတယ်။ 

ပြည်နယ်မြို့တော်တွေအပါအဝင် တနိုင်ငံလုံးနီးပါးမှာ စစ်ကောင်စီနဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းအပြီး ဖွဲ့စည်း လိုက်တဲ့ PDF အဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြားမှာ တိုက်ပွဲဖြစ်ပွားနေပေမဲ့  စစ်ကောင်စီနဲ့ ပလဲနံပသင့်တဲ့ RCSS/SSA ၊ပအိုဝ်းပြည်သူ့စစ်(PNO)နဲ့ စစ်ကောင်စီတပ်တွေ အားကောင်းတဲ့ ရှမ်းပြည်နယ် တောင်ပိုင်းဟာ အခုအချိန်အထိ တိုက်ပွဲကြီးငယ်ဖြစ်ပွားမှုနည်းပါးပြီး တောင်ကြီးမြို့ဟာ လက်နက်ကိုင်ထိ တွေ့မှုနဲ့ ပစ်ခတ်တိုက်ခိုက်မှု မရှိသလောက်ဖြစ်တဲ့ ပြည်နယ်မြို့တော် တခုဖြစ်တယ်။ 

သုံးသပ်ချက်

အင်အားချိနဲ့နေတဲ့ စစ်တပ်ဟာ PNLA နဲ့ ပဋိပက္ခသစ်ကို ဖန်တီးလိုက်တာကြောင့် တောင်ကြီးမြို့ပေါ်အထိ တော်လှန်ရေး အင်အားစုတွေရဲ့ တိုက်ခိုက်သိမ်းပိုက်ခံလာရနိုင်တယ်ဆိုတဲ့ ရန်ကုန်ခေတ်သစ်မီဒီယာက အတွေးအမြင်တခုကို ပြန်လည်မျှဝေနေခြင်းသာဖြစ်တယ်။ တော်လှန်ရေးတပ်ဖွဲ့တွေက တောင်ကြီးမြို့ကို သိမ်းပိုက်မယ်လို့ ရုတ်တရက်ကြေညာခဲ့တာမဟုတ်သလို တိုက်မယ်လို့ ကြေညာခဲ့တာလည်းမရှိပါဘူး။

Avatar

Title:Fact Check: တောင်ကြီးမြို့ကို တော်လှန်ရေးအဖွဲ့တွေ သိမ်းဖို့ကြေညာသလား-မဟုတ်ပါ

Written By: နေရာမောင် 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *