
ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF) ကိုလေယာဉ်ပစ်လက်နက်ပေးဖို့ အမေရိကန် အတည်ပြု ကြေညာလိုက်တယ်လို့ဆိုထားတဲ့ သတင်းမှားပို့စ်တစ်ခု ယူကျူ့အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။
အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ ဖေဖော်ဝါရီ ၂၄ ရက်ကစတင်ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်မှာ ကြည့်ရှူ့မှုပေါင်း ၂ သိန်းကျော်ရရှိ ထားတယ်။
“အမေရိကန်ကတော့ အလုပ်နဲ့ သက်သေပြလိုက်ပြီ KNDF ကို လေယာဉ်ပစ်လက်နက်ပေးဖို့ အမေရိကန် အတည်ပြုကြေညာ”

မူရင်းလင်ခ့် – Youtube link | Archive link
အချက်အလက်စိစစ်ချက်
ဗွီဒီယိုကို ဖော်ပြထားတဲ့ Mandalay Khit Thit အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတွေမှာ သို့မဟုတ် ဖေ့စ်ဘွတ်အသုံးပြုတွေက မူလက ဖော်ပြခဲ့ပြီးဖြစ်တဲ့ အကြောင်းအရာတွေကို နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တွေ သို့မဟုတ် သတင်းခေါင်းစဉ်တု တပ်ဖြန့်ချိလေ့ရှိတယ်။
အခုလည်း ဗွီဒီယိုပါအကြောင်းအရာဟာ ဖေ့စ်ဘွတ်အသုံးပြုသူတဦးရေးသားတဲ့ “ကရင်နီ ပြည်သူတို့၏ တော်လှန်ရေး အမေရိကန် ချီးကြူး”ဆိုတဲ့ အတွေးအမြင်ဆောင်းပါးကို ပြန်လည်ဖတ်ကြားနေခြင်းဖြစ်တယ်။ ဒီဆောင်းပါးတပုဒ်လုံးမှာ အမေရိကန်က KNDF ကို လက်နက်ထောက်ပံ့မှုဆိုတဲ့ အကြောင်းမပါဝင်ပါဘူး။ ဒီဆောင်းပါးရှင်ရဲ့ ရေးသားချက်ဟာ အမေရိကန် နာမည်ကြီး Foreig Policy မဂ္ဂဇင်းက ဖေဖော်ဝါရီ ၂၂ ရက်ရေးသားခဲ့တဲ့ ကရင်နီပြည်နယ် လက်နက်ကိုင်တော်လှန်ရေးအပေါ် သုံးသပ်ရေးသားချက်ကို ဘာသာပြန်ပြီး ပြန်လည်မျှဝေထားခြင်းဖြစ်တယ်။

သုံးသပ်ချက်
မူလက ဖေ့စ်ဘွတ်အသုံးပြုသူတယောက်က မျှဝေခဲ့တဲ့ ကရင်နီတော်လှန်ရေးကို အမေရိကန် နာမည်ကြီး မဂ္ဂဇင်းတခုက ချီးကျူးထားတဲ့အကြေင်းဖော်ပြချက်ကို KNDF ကို အမေရိကန်က လက်နက်ထောက်ပံ့နေ သယောင် ချဲ့ကားထားတဲ့ သတင်းခေါင်းစဉ် တပ်ထားခြင်းဖြစ်တယ်။ KNDF ကို အမေရိကန်က လက်နက်ထောက်ပံ့မယ်ဆိုတဲ့ ပြောဆိုချက်မတွေ့ရပါဘူး။
ပြောဆိုချက်- KNDF ကိုလေယာဉ်ပစ်လက်နက်ပေးဖို့ အမေရိကန် အတည်ပြု ကြေညာ

Title:Fact Check: KNDF ကိုလေယာဉ်ပစ်လက်နက် အမေရိကန်ပေးမယ်ဆိုတဲ့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှား
Fact Check By: နေရာမောင်Result: Misleading