
ဂန္ဓဝင် အဆိုတော်နဲ့ သီချင်းရေးဆရာ စိုင်းခမ်းလိတ်ရဲ့ ဘီးနံပါတ်.. OK 0122Lဆိုတဲ့ သီချင်းဟာ ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့က ချုပ်ဆိုခဲ့တဲ့ ပင်လုံစာချုပ်မှာ သဘောတူခဲ့တဲ့ ဖက်ဒရယ်မူကို ရည်ရွယ်ပြီး ရှမ်းတယောက်ရဲ့ ခံစားချက်ကို ဖော်ပြထားတယ်ဆိုတဲ့ ပို့စ်တွေ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းခဲ့တာတွေ့ ရပါတယ်။ ပြောဆိုချက်ဟာ မမှန်ကန်ပါဘူး။
အောက်ပါစခရင်ရှော့နဲ့ စာသားကောက်နုတ်ချက်ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။ တူညီတဲ့ပြောဆိုချက်ကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။
“သိပ်ပြီး ပညာသားပါတဲ့ သီချင်းလေး
ရှိသေးတယ်…
ကျနော်တို့ သိထားတဲ့…
ဘီးနံပါတ်… OK 0122L ဆိုတဲ့ အပေါင်ဆုံး စက်ဘီးလေး အကြောင်းလေ
မင်းသခင်မလေး ခမြာလေ..
သိပ်ကို စွဲလမ်းရှာနေ..
ပြန်ရွေးလို့ ရခဲ့ရင်
ပြန်ရွေးလို့ ပေးလိုက်ချင်တယ်..တဲ့
ဘီးနံပါတ်.. OK 0122Lဆိုတာ…
ဖေဖော်ဝါရီ 12 ပြည်ထောင်စုနေ့က ချုပ်ဆိုခဲ့တဲ့ ပင်လုံစာချုပ်မှာ သဘောတူခဲ့တဲ့ ဖက်ဒရယ်မူကို ရည်ရွယ်ပါသတဲ့..
လွတ်လပ်ရေးရပြီးရင် ပေးမယ်ဆိုတဲ့ သူတို့ ရပိုင်ခွင့်ရှိတဲ့ ဖက်ဒရယ်လေးကို
ပြန်လိုချင်ပါတယ်လို့ ဆိုလိုတာ…
OK.. သဘောတူညီချက် စာချုပ်
0..(သုည) ဆုံးရှုံးတာ မရလိုက်တာ…
12.. နေ့စွဲ
2…. လ
L…Law. ဥပဒေကို ရည်ညွှန်းပါသတဲ့…
ဒီအဓိပ္ပါယ်လေးကို သိမှ ဒီသီချင်းလေး
ပြန်နားထောင်တဲ့အခါ ရှမ်းတွေရဲ့ ခံစားချက်ကို ပိုပြီး နားလည်လာရပါတယ်..”

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်ဆန်းစစ်ကြည့်ရအောင်ပါ။
အချက်အလက်စိစစ်ချက်
ဘီးနံပါတ်.. OK 0122L သီချင်းနဲ့ပတ်သက်ပြီး အခုလိုပဲ ပင်လုံစာချုပ်ကို ရည်ညွှန်းတယ်ဆိုတဲ့ ပို့စ်တွေဟာ ၂၀၁၀ ခုနှစ်လောက်ကတည်းက စတင်ပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ တကယ်တော့ ဒီသီချင်းဟာ သီချင်းရေး ဆရာစိုင်းခမ်းလိတ်က သူ့ဇနီး ဒေါ်နွဲ့တင် ရည်းစားဘဝက စီးခဲ့တဲ့ စက်ဘီးနံပါတ် OK 0122L စက်ဘီးလေး ပျောက်သွားတဲ့အတွက် ရေးစပ်ခဲ့တာဖြစ်ကြောင်း၊ ဒီအကြောင်းကို ဆရာစိုင်းခမ်းလိတ်ရဲ့ အခင်ဆုံးသူငယ်ချင်း ဦးတင်ဝင်း(ဆေး/မန်း) က ပြန်လည်ပြောပြခဲ့တယ်တာလို့လည်း ဂီတနဲ့ ပတ်သက်တဲ့စာအုပ်တွေ ရေးသားလေ့ ရှိတဲ့ မိုနိုလေးက သူ့ရဲ့ ‘သိက္ခာရှိတဲ့မှတ်တမ်း’ ဆိုတဲ့ ဆောင်းပါးမှာဖော်ပြခဲ့ကြောင်း Boom Myanmar က ၂၀၂၂ ခုနှစ် ဩဂုတ်လထဲမှာ အချက်အလက်စိစစ်ဖော်ပြခဲ့ပါတယ်။
ဒီလို သီးချင်းနဲ့ပတ်သက်ပြီး ရှင်းတမ်းလို့ဆိုနိုင်တဲ့ “Rock နှင့် ပတ်ဝန်းကျင်”ဖေ့စ်ဘွတ်စာမျက်နှာက ရေးသား ဖော်ချက်ကို တေးရေးဆရာ မြင့်မိုးအောင်ကလည်း ထပ်ဆင့်ပြန်လည်မျှဝေထားတာတွေ့ရပါတယ်။

သုံးသပ်ချက်
ဘီးနံပါတ်.. OK 0122L သီချင်းဟာ ပင်လုံစာချုပ်နဲ့ပတ်သက်ပြီး ရှမ်းတယောက်ရဲ့ ခံစားချက်ကို ဖော်ကျူးတယ်ဆိုတာ မမှန်ပါဘူး။ ဒီသီချင်းဟာ သီချင်းရေး ဆရာစိုင်းခမ်းလိတ်က သူ့ဇနီး ဒေါ်နွဲ့တင် ရည်းစားဘဝက စီးခဲ့တဲ့ စက်ဘီးနံပါတ် OK 0122L စက်ဘီးလေး ပျောက်သွားတဲ့အတွက် ရေးစပ်ခဲ့ခြင်းဖြစ် တာတွေ့ရပါတယ်။
ပြောဆိုချက်- ဘီးနံပါတ်.. OK 0122L သီချင်းဟာ ပင်လုံစာချုပ်နဲ့ပတ်သက်ပြီး ရှမ်းတယောက်ရဲ့ ခံစားချက်ကို ဖော်ကျူးထားတယ်

Title:Fact Check: ဘီးနံပါတ် OK 0122L သီချင်းနဲ့ ပတ်သက်တဲ့ အချက်အလက်မှား
Fact Check By: Zun ZeeResult: False