
မြန်မာနိုင်ငံငြိမ်းချမ်းရေးထိန်းသိမ်းဖို့ ကုလသမဂ္ဂနဲ့ အာဆီယံက နိုင်ငံတကာ တပ်ဖွဲ့ အင်အား ၄၀၀၀ ဝင်လာတယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။
ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပို့စ်ပါစာသား ကောက်နုတ်ချက်နဲ့ စခရင်ရှော့ဓာတ်ပုံကို အောက်မှာ ကြည့်ပါ။ ဒီဗွီဒီယိုဟာ လက်ရှိအချိန်မှာ ကြည့်ရှု့မှုပေါင်း ၈၀၀၀၀ ကျော်ရရှိထားတယ်။
“နိုင်ငံတကာ တပ်ဖွဲ့ အင်အား ၄ထောင်ခန့်ဝင်လာ
ငြိမ်းချမ်းရေးတပ်ဆိုပြီး ကုလနဲ့ အာဆီယံ က လွှတ်လိုက်ပြီ
နေပြည်တော်က ဘောမနဲ့ တပ်မိသားစု ရန်ကုန်ကိုပို့ဆောင်နေရ”(မူရင်းအရေးအသား)
မူရင်းလင်ခ့် – Youtube link | Archive link
အချက်အလက်စိစစ်ချက်
ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Mandalay khitthit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ မီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်း တွေကို ပြန်လည် ကူးယူဖော်ပြပြီး သတင်းခေါင်းစဉ်တုတပ် ဖြန့်ချိတာတွေ လုပ်နေတဲ့ နေရာဖြစ်တယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်ကို ဒီလင့်ခ်မှာ ကြည့်ပါ။
အခုလည်း ဗွီဒီယိုပါအကြောင်းအရာဟာ ယောနသံမီဒီယာကဖော်ပြခဲ့တဲ့ “အာဆီယံ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး တပ်များ ထားရှိရန် အဆိုပြု”ဆိုတဲ့ ဆောင်းပါးရှင် လှစိုးဝေရေးသားတဲ့ ဆောင်းပါးကို ပြန်လည်ဖော်ပြထားတယ်။ အဓိကအားဖြင့် မူလက အင်္ဂလိပ်ဘာသာနဲ့ ဘန်ကောက်ပို့စ်သတင်းဌာနမှာဖော်ပြခဲ့တဲ့ ထိုင်း နိုင်ငံခြားရေး ဝန်ကြီးဟောင်း ကာဆစ် ပီရိုမြ ရဲ့ “မြန်မာ့ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်သို့”လို့ ဘာသာပြန်ဆိုနိုင်တဲ့ အတွေးအမြင်တပုဒ်ကို ပြန်လည်ဖော်ပြထားတယ်။ ဒီထဲမှာ ဆောင်းပါးရှင်ဟာ မလေးရှား ဗိုလ်ချုပ်ကြီး ဦးဆောင်ပြီး ထိုင်း၊ ဖိလစ်ပိုင်၊ အင်ဒိုနီရှားက စစ်ဖက် အရာရှိတွေပါဝင်တဲ့ စစ်မစ်ရှင် အဖွဲ့ကို စေလွှတ်ဖို့အတွက် သူ့အနေနဲ့ အဆိုပြုတယ်လို့ ဆိုထားတယ်။ မြန်မာစစ်တပ်ခေါင်းဆောင်တွေဟာ စစ်ရေးစကားပြောတာကိုပဲ နားလည်တာကြောင့် အာဆီယံအနေနဲ့ မြန်မာအရေးမှာ စစ်ရေးအရ တက်တက်ကြွကြွ ဆောင်ရွက်သင့်တယ်လို့ ဖော်ပြထားတယ်။ အပြည့်အစုံကို ဒီလင့်ခ်မှာ ဖတ်ပါ။
၈ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ “လားရှိုး ရောက် တရုတ် အဖွဲ့”ဆိုတဲ့ ဆောင်းပါးတပုဒ်ကို ထပ်မံ ဖော်ပြထားပါတယ်။
သုံးသပ်ချက်
ထိုင်း နိုင်ငံခြားရေး ဝန်ကြီးဟောင်း ကာဆစ် ပီရိုမြ ရဲ့ မြန်မာအရေးဖြေရှင်းဖို့ အာဆီယံက စစ်ဘက်ဆိုင်ရာ နည်းလမ်းနဲ့လည်း ချဉ်းကပ်ဆောင်ရွက်သင့်တယ် ဆိုတဲ့ ရေးသားချက်ကို ခေါင်းစဉ်တပ်ထား ခြင်းဖြစ်တယ်။ ကုလသမဂ္ဂနဲ့ အာဆီယံက နိုင်ငံတကာ တပ်ဖွဲ့ အင်အား ၄၀၀၀ မြန်မာနိုင်ငံဝင်ရောက်လာတယ် ဆိုတာ မဟုတ်ပါ။

Title:Fact Check: ငြိမ်းချမ်းရေးထိန်းသိမ်းဖို့ ကုလသမဂ္ဂနဲ့ အာဆီယံက တပ်ဖွဲ့ အင်အား ၄၀၀၀ မြန်မာနိုင်ငံ ဝင်လာပြီဆိုတဲ့ သတင်းတု
Written By: နေရာမောင်Result: False