နှုတ်ခမ်းမွေးအမည်နဲ့ ထိုင်းအမျိုးချစ်အဖွဲ့က မြန်မာတွေ ထွက်သွားဆိုတဲ့ စာတမ်းပါ ဆန္ဒပြ ဆိုင်းဘုတ် ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့တယ်ဆိုတဲ့ ဓာတ်ပုံတပုံ ယခုရက်ပိုင်း လူမှုကွန်ယက် အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ ဉာဏ်ရည်တုနည်းပညာ အသုံးပြု ဖန်တီးထားတဲ့ ဓာတ်ပုံ တပုံသာဖြစ်တာတွေ့ရတယ်။
ပျံ့နှံ့မှုအားကောင်းနေတဲ့ ဓာတ်ပုံကို မျှဝေထားတဲ့ ပို့စ်ရဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ မျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။ ဓာတ်ပုံပေါ်မှာ အောက်ပါစာတမ်းလည်းပါဝင်ပြီး အနက်ရောင်ဝတ်ဆင်ထားတဲ့ ဆန္ဒပြသူတွေဟာ “နှုတ်ခမ်းမွေး”လို့ မြန်မာလို ရေးသားထားတဲ့ စာသားပါ အင်္ကျီတွေလည်း ဝတ်ဆင်ထားတယ်။
“မြန်မာတွေ ထွက်သွား ปกป้องอยุธยา”(မူရင်းအရေးအသား)

အချက်အလက်စိစစ်ချက်
ဇန်နဝါရီ ၁၉ရက် ညပိုင်းကအယုဒ္ဓယမြို့မှာ မြန်မာတစ်ဦးနဲ့ ထိုင်းလူမျိုးတစ်ဦးတို့ ကားနဲ့ ဆိုင်ကယ်ချင်း တိုက်မိတဲ့ဖြစ်စဉ်မှာ ထိုင်းမျိုးချစ်အဖွဲ့သားတွေက ရောက်လာပြီး ထိုင်းရောက်မြန်မာလုပ်သားတွေ ရိုက်နှက်တာတွေ ပြုလုပ်သွားခဲ့တယ်လို့ မြန်မာမီဒီယာတွေမှာ ဖော်ပြတယ်။ (ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာကြည့်ပါ)။
ဒါပေမဲ့ ဇန်နဝါရီ ၁၉ ရက် ညပိုင်းက အယုဒ္ဓယမြို့ကို ရောက်လာတဲ့ နှုတ်ခမ်းမွေးအဖွဲ့ဟာ အခုဆိုင်းဘုတ်ကိုင် ဆန္ဒပြခဲ့တယ်ဆိုတဲ့ အထောက်အထားမရှိပါဘူး။ မြန်မာတွေကို ထိုးကြိတ်ရန်ရှာခဲ့တယ်ဆိုတဲ့ ညက ထိုင်းမျိုးချစ်အဖွဲ့ဝတ်ဆင်ထားတဲ့ အင်္ကျီဟာ ထိုင်းအလံပုံစံ အပြာနဲ့ အဖြူကြား ဒီဇိုင်ပုံစံပါဝင်ပြီး ထိုင်းစာနဲ့ ရေးသားထားတာတွေ့တယ်။ Google Translate အသုံးပြုပြီး ဘာသာပြန်ဆိုကြည့်ရာမှာတော့ ဆန္ဒပြစကားလုံးမပါဝင်သလို မြန်မာအကြောင်းလည်း မပါဝင်ပါဘူး။

ဒီလို မြန်မာတွေကို ရန်ရှာနေတဲ့ နှုတ်ခမ်းမွေးအဖွဲ့ခေါင်းဆောင်ဟာ မြန်မာစစ်တပ်ထောက်ခံသူ ပေါက်ကိုယ်တော် နဲ့ မကြာသေးခင်က တွေ့ဆုံခဲ့သေးပြီး မြန်မာစစ်တပ်လက် အောက်ခံ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးကလည်း ထိုင်းရောက်မြန်မာတွေကို ဖိအားပေးဖို့အတွက် အထောက်အပံ့ပေးထားတယ်လို့ People’s Spring က ရေးသားပါတယ်။ သူတို့အုပ်စုဟာ ထိုင်းရောက် မြန်မာအလုပ်သမားတွေကို ထိုင်းနိုင်ငံက ထွက်သွားဖို့ မကြာခဏ ပြောဆိုသလို ထိုင်းရောက် မြန်မာတွေကိုလည်း မကြာခဏ ရန်ရှာလေ့ရှိတာကိုမြန်မာမီဒီယာတွေမှာ ဖော်ပြပါတယ်။
ထိုင်းရောက် မြန်မာတွေကို လိုင်လံ ပြဿနာရှာလေ့ရှိတဲ့အုပ်စုကို နှုတ်ခမ်းမွေးအုပ်စုလို့ မြန်မာမီဒီယာတွေနဲ့ ထိုင်းရောက် မြန်မာတွေအကြားပြောဆိုသုံးစွဲပေမဲ့ သူတို့ဟာ ပြည်သူ့ဒီမိုကရေစီပြုပြင် ပြောင်းလဲရေး ကော်မတီ လို့ မြန်မာလို ဘာသာပြန်ဆိုနိုင်တဲ့ People Democractic Reform Committee-PDRC ဆိုတဲ့ အဖွဲ့က အဖွဲ့ဝင်တွေ ဖြစ်တယ်။ သူ့ရဲ့ ဖွဲ့အမည်ကို မြန်မာမှာ လူသိများသလို နှုတ်ခမ်းမွေးအဖြစ် အသုံးပြု ဆန္ဒပြတာမျိုး မတွေ့ရပါဘူး။
နောက်ဆုံးအနေနဲ့ ဓာတ်ပုံရဲ့ ပျံ့နှံ့ခဲ့ပုံကို လေ့လာကြည့်မယ်ဆိုရင် တချို့သော အစပိုင်း ဖြန့်ဝေသူတွေက ဒီဓာတ်ပုံကို AI အသုံးပြုဖန်တီးထားတဲ့ ဓာတ်ပုံအဖြစ် သိသိသာသာ စာတမ်းထိုးဖော်ပြခဲ့တယ်။ အခု “မြန်မာတွေ ထွက်သွား”ဆိုတဲ့ ဆန္ဒပြပုံကို ကြည့်မယ်ဆိုရင်လည်း AI နဲ့ ဖန်တီးထားတဲ့ ပြုလုပ်ချက်ဖြစ်တဲ့ မူမမှန်တဲ့၊ ရှေ့နောက် မညီတဲ့ ချွတ်ယွင်းချက် တချို့ကို သတိထားကြည့်ရင်တွေ့နိုင်ပါတယ်။ ဥပမာအားဖြင့် ဝစ္စနှစ်လုံးပေါက်(ရှေ့တန်း အလယ်က လူဝတ်ထားတဲ့ အင်္ကျီက “နှုတ်ခမ်းမွေး”စာသားပါမှာ ဝစ္စနှစ်လုံးပေါက်မှာ အဖြူသီးသန့်အပြောက်အစက်ပုံစံဖြစ်နေပြီး နံဘေးက လူတယောက်မှာ အလယ်မှာ အူလည်စံပါဝင်တာ) နဲ့ နငယ် ပုံစံတွေဟာ အင်္ကျီပေါ်မှာ ပုံနှိပ်ထားတာတွေမှာ ကွာခြားချက် အနည်းငယ်တွေ့ရပါတယ်။

သုံးသပ်ချက်
“နှုတ်ခမ်းမွေး”ထိုင်းအမျိုးချစ်အဖွဲ့က မြန်မာတွေ ထွက်သွားဆိုတဲ့ စာတမ်းပါ ဆန္ဒပြ ဆိုင်းဘုတ် ကိုင်ဆောင်ဆန္ဒပြတယ်ဆိုတဲ့ အထောက်အထားမရှိချိန်မှာ ဓာတ်ပုံဟာ ဉာဏ်ရည်တုနည်းပညာအသုံးပြု ဖန်တီးထားတဲ့ဓာတ်ပုံဖြစ်တာတွေ့ရတဲ့အတွက် သတင်းဓာတ်ပုံတုသာဖြစ်တာတွေ့ရပါတယ်။
ပြောဆိုချက်- ထိုင်းအမျိုးချစ်အဖွဲ့က မြန်မာတွေ ထွက်သွားဆိုတဲ့ စာတမ်းပါ ဆန္ဒပြ ဆိုင်းဘုတ် ကိုင်ပြီး ဆန္ဒပြ
Title:Fact Check: “မြန်မာတွေ ထွက်သွား”ဆိုတဲ့ စာတန်းကိုင်ပြီး ထိုင်းမှာ ဆန္ဒပြခဲ့သလား-မဟုတ်ပါ
Fact Check By: နေရာမောင်Result: Altered

