
ရန်ကုန်တမြို့လုံး မှီခိုနေရတဲ့ ဂျိုးဖြူရေပိုက်လိုင်းဖောက်ခွဲခံတယ်ဆိုပြီး ပိုက်လိုင်းတစ်ခုနံဘေးမှာ ရေလျှံနေတဲ့ ဓာတ်ပုံတစ်ပုံနဲ့ ဖေ့စ်ဘွတ်မှာ မျှဝေလျက်ရှိပါတယ်။
သို့သော်လည်း ဒီဖြစ်စဉ်ဟာ ပြီးခဲ့တဲ့နှစ်က ဖြစ်ခဲ့တဲ့ဖြစ်စဉ်ကို အခုလက်ရှိအဖြစ်အပျက်မျှဝေနေခြင်းဖြစ်ပါတယ်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီရေပေးဝေရေးဌာနက ထုတ်ပြန်ချက်မှာ ပိုက်လိုင်းပေါက်တယ်လို့ သာဖော်ပြထားပြီး ဘယ်သူဘယ်ဝါလုပ်ဆောင်တယ်ဆိုတဲ့ ဖော်ပြချက်မျိုး မတွေ့ရပါဘူး။
“ရန်ကုန်တမြို့လုံး မှီခိုနေရတဲ့ ဂျိုးဖြူရေပိုက် လိုင်းကို ဖောက်ခွဲတယ်ဆိုတော့ မင်းတို့ တကယ်အစွန်းရောက် ဂျီဟတ်တွေ မြန်မာ ISIS တွေ ဖြစ်ကုန်ပြီဆိုတာ အလုပ်က သက် သေပြသွားကြပြီ၊
အဲဂျိုးဖြူရေက ရန်ကုန်တမြို့မှာ ရှိတဲ့ စစ် တပ်က လက်ချိုးရေလို့ရတယ်၊ မင်းတို့ပြည်သူထဲက ပြည်သူတွေ ၈ သန်းကျော်လောက် သုံးရေ သောက်ရေ အခက်အခဲနဲ့ကြုံကြရတယ်၊
မင်းတို့ ကျောင်းတွေ ဗုံးခွဲတယ်၊ မင်းတို့ ဘဏ္ဍာ မင်းတို့ဘတ်ဂျက်ထဲကနေ ပြန်တည် ထောင်ရမှာ အရာရာဟာ မင်းတို့လုပ်သမျှက စစ်တပ်နဲ့ စစ်သားကို မထိဘူး၊ဒီတော့ မင်းတို့ ခံစားရမဲ့ ရလဒ်က ထောင်သို့မဟုတ် ဒယ်အိုးဆိုတာ သေချာသွားပြီ”စသည်ဖြင့်ရေးသားပြီး “ Htet Aung“ အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားပါတယ်။ အလားတူ ရေးသားမျှဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ မှာလည်း တွေ့ရပါတယ်။

မူရင်းလင်ခ့် – FB link | Archive link
အချက်အလက်စိစစ်ချက်
Water Resources and Water Supply Authority, YCDC အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာ ဧပြီ ၇ ရက်က “ရန်ကုန်ရေချစ်သူများသို့”စသည်ဖြင့် အစချီရေးသားပြီး ဓာတ်ပုံ ၁၀ ပုံနဲ့တကွ အောက်ပါအတိုင်းရေး သားထားပါတယ်။
“ယမန်နေ့ ၆-၄-၂၀၂၁ ရက် နေ့လယ် ၂:၀၀ နာရီခန့်တွင် ရန်ကင်းမြို့နယ်၌ ၅၆ လက္မ M.S ဂျိုးဖြူပိုက်လိုင်း ပေါက်ခြင်းဖြစ်ပေါ်ခဲ့ပါသည်။ ရေပိုက်ပေါက်ပြုပြင်ခြင်းလုပ်ငန်းအားအရေးပေါ်ဆောင်ရွက်နိုင်ရန် ဂျိုးဖြူရေ လှောင်ကန် ပိုက်လိုင်းအရင်းမှ ရေဗားပိတ်ခြင်း၊ ထပ်ဆင့်ရေတွန်းစက်ရုံကြီးများဖြစ်သော ပျော်ဘွယ်စု ရေတွန်း စက်ရုံ၊ ရေကူးရေတွန်းစက်ရုံများ ခေတ္တရပ်နားထားရခြင်းများ ဆောင်ရွက်ထားရ၍ ဂျိုးဖြူရေကို ပိုက်လိုင်းမှ တိုက်ရိုက်သုံးစွဲလျက်ရှိသော မင်္ဂလာဒုံ၊ မရမ်းကုန်း၊ မြောက်ဥက္ကလာပမြို့နယ်များတွင်လည်းကောင်း၊ ရေကူး ရေတွန်းစက်မှတစ်ဆင့် သုံးစွဲလျက်ရှိသော ရန်ကင်း၊ ကမာရွတ်၊ တာမွေ၊ တောင်ဥက္ကလာပ၊ ဗဟန်းမြို့နယ် များတွင်လည်းကောင်း၊ ရေကူးရေတွန်စက်မှတွန်းတင်ပြီး ကုက္ကိုင်းရေဖြန့်ဖြူပေးဝေရေး ရေလှောင်မှ Gravity Flow ဖြင့် ရယူသုံးစွဲလျက်ရှိသော ဗဟန်း၊ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ အလုံ၊ လမ်းမတော်၊ လသာ၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ ဗိုလ်တစ်ထောင်၊ ပုဇွန်တောင်မြို့နယ်များတွင်လည်းကောင်း ရေပေးဝေမှုပြတ်တောက်ခဲ့ ရပါသည်။”စသည်ဖြင့် ရေးသားထားပါတယ်။
မူရင်းလင်ခ့် – YCDC | Archive link
ဒီသတင်းအမှားကို ပြီးခဲ့သည့်နှစ် ဧပြီလအတွင်းမှာလည်း ဆန္ဒပြသူများက ဖောက်ခွဲဖျက်ဆီးခဲ့တယ်ဆိုပြီး ဖြန့်ဝေခဲ့ဖူးပြီး fact crescendo Myanmar အနေဖြင့် သတင်းအချက်အလက်စိစစ်ခဲ့ဖူးပါတယ်။ ဒီလင့်ခ်မှာ ကြည့်ပါ။

သုံးသပ်ချက်
အထက်ပါအချက်အလက်အရ ရေပိုက်ပေါက်ပြီးရေလျှံနေတဲ့ ဓာတ်ပုံဟာ ရေပေးဝေရေးဌာနက ၂၀၂၁ ခုနှစ် ဧပြီလထဲက အဖြစ်အပျက်ဓာတ်ပုံဖြစ်ပါတယ်။

Title:Fact Check: ဂျိုးဖြူရေပိုက်လိုင်းဖောက်ခွဲခံရတယ်ဆိုပြီး သတင်းဟောင်းကို ပြန်လည် ဖြန့်ဝေ
Fact Check By: Zun ZeeResult: Missing Context