Fact Check: အီရန်တိုက်ခိုက်မှုကြောင့် အမေရိကန် လေယာဉ်တင်သင်္ဘော‌ ပျက်စီးသွားတဲ့ မြင်ကွင်းလား-မဟုတ်ပါ

False နိုင်ငံတကာ၊ | International

အမေရိကန် လေယာဉ်တင် သင်္ဘော‌ကို အီရန်က တိုက်ခိုက်ပြီးနောက် မီးလောင်နေတယ်လို့ ဆိုထားတဲ့ စခရင်ရှော့ ဓာတ်ပုံတချို့ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းမှား တခုဖြစ်တာတွေ့ရပြီး မြင်ကွင်းတွေဟာ ကွန်ပျူတာနဲ့ ဖန်တီးထားတဲ့ မြင်ကွင်းတွေ ရယူထားခြင်းဖြစ်တာတွေ့ရတယ်။ 

အောက်ပါ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကတော့ ဒီလိုပြောဆိုမျှဝေထားတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။ 

“အမေရိကန်
လေယာဥ်တင် သင်္ဘောတစ်စီးရဲ့
ဖြစ်ပျက်နေတဲ့ အခြေအနေ”

Original link | Archive link

အလားတူတဲ့ မျှဝေမှုကို ဒီနေရာမှာလည်း တွေ့ရတယ်။

အချက်အလက်စိစစ်ချက် 

ပထမဆုံးဓာတ်ပုံဟာ တရုတ်ဘာသာနဲ့ ရေးသားထားတဲ့ မီဒီယာနဲ့ လူမှုကွန်ယက်တွေမှာ အဓိကအားဖြင့် ပျံ့နှံ့ခဲ့တာတွေ့ရတယ်။  အထူးသဖြင့် အီရန်က အမေရိကန်လေယာဉ်တင်သင်္ဘော ‌အေဗရာဟမ်လင်ကွန်း (Abraham Lincoln ) ကို ဒုံးကျဉ် ၄ စင်းနဲ့ ထိမှန်အောင် ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်အပြီးမှာ အခုလို ဗွီဒီယို ပျံ့နှံ့လာတာဖြစ်တယ်။ မူလထုတ်ပြန်ချက်မှာတော့ ဗွီဒီယို သို့မဟုတ် ဓာတ်ပုံမပါဝင်ပါဘူး။ 

ဒါပေမဲ့ အရှေ့အလယ်ပိုင်းက စစ်ပွဲကို ဦးစီးနေတဲ့ အမေရိကန် အလယ်ပိုင်းစစ်ဌာနချုပ်(US CENTRAL COMMAND)ကတော့ လေယာဉ်တင်သင်္ဘောကို ထိမှန်ခဲ့တာမရှိဘူးလို့ ငြင်းဆိုထားပြီး လေယာဉ်ပျံတက်၊ ပြန်ဆင်းလုပ်နေတဲ့ ဓာတ်ပုံတွေနဲ့အတူ မျှဝေထားတယ်။

နောက်ထပ် ဓာတ်ပုံတပုံဖြစ်တဲ့ သင်္ဘောတစီး  ပေါက်ကွဲမီးလောင်ကျွမ်းနေတဲ့ အနီးကပ်မြင်ကွင်းပါတဲ့ ဗွီဒီယိုကို ၂၀၂၅ ခုနှစ် ဇွန်လ ၂၃ ရက်ကတည်းက အင်တာနက်မှာ တွေ့နိုင်ပါတယ်။ (Archive link

လက်ရှိ ဖြစ်ပွားနေတဲ့ အစ္စရေးနဲ့ အမေရိကန်က အီရန်ကို ဝင်ရောက်တိုက်ခိုက်မှုဟာ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်မှာ စတင်ခဲ့တာဖြစ်တာကြောင့် ဒီဗွီဒီယိုဟာ လက်ရှိအဖြစ်အပျက်နဲ့ သက်ဆိုင်ခြင်းမရှိနိုင်တာ တွေ့ရတယ်။ 

 အဲဒီ အချိန်က အစ္စရေး၊ အမေရိကန်နဲ့ အီရန်အကြား  ၁၂ ရက်ကြာစစ်ပွဲလို့ လူသိများတဲ့ အစ္စရေးက အီရန်ကို စတင်တိုက်ခိုက်ပြီးနောက် အီရန်က ဒုံးကျည်တွေနဲ့ အပြန်အလှန်တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်မှာကတည်းက ပျံ့နှံ့ခဲ့တာတွေ့ရတယ်။ 

ဗွီဒီယိုတွေဟာ တကယ်တမ်းမြေပြင်မှာ တကယ်လက်တွေ့ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက် တခုမဟုတ်ဘဲ Arma 3 လို ကွန်ပျူတာဆော့ဖ်ဝဲလ်တခုကို အသုံးပြု လုပ်ဆောင်ထားတာလည်း တွေ့ရတယ်။

သုံးသပ်ချက်

အမေရိကန် လေယာဉ်တင် သင်္ဘော‌ကို အီရန်က တိုက်ခိုက်လို့ ထိမှန်မီးလောင်နေတယ်ဆိုတဲ့ ဖြစ်စဉ်ကို အမေရိကန် အလယ်ပိုင်း စစ်ဌာနချုပ်က ငြင်းဆိုထားတယ်။ ဓာတ်ပုံပါမြင်ကွင်းတွေဟာ မြေပြင်မှာ အမှန်တကယ်ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တခုက မဟုတ်ဘဲ ဆော့ဖ်ဝဲလ်တခုအသုံးပြုပြီး စိတ်ကူးယဉ်ဖန်တီးထားတယ်လို့ ယူဆရတဲ့ ဗွီဒီယိုတွေက ရယူထားခြင်းဖြစ်တာတွေ့ရတယ်။

Result Stamp

Title: Fact Check: အီရန်တိုက်ခိုက်မှုကြောင့် အမေရိကန် လေယာဉ်တင် သင်္ဘော‌ ပျက်စီးသွားတဲ့ မြင်ကွင်းလား-မဟုတ်ပါ

Fact Check By: နေရာမောင်

Result: False