ဇူလိုင် ၁၉ ရက်မှာကျရောက်တဲ့ အာဇာနည်နေ့မှာ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာပြီလို့ဆိုထားတဲ့ ဗွီဒီယို တွေ ယူကျူ့မှာ ပျံ့နှံ့မှု အားကောင်းနေတာ တွေ့ရပါတယ်။ အမေရိကန်အပါဝင် နိုင်ငံတကာရဲ့ ဖိအားတွေကြောင့် လူထုခေါင်းဆောင်ကို စစ်တပ်က ပြန်လွှတ်လိုက်တာလို့လည်း ဆိုထားတယ်။ သတင်းတု သာဖြစ်တယ်။။
ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားတဲ့ ဗွီဒီယိုပို့စ်ရဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။ ဒီဗွီဒီယိုဟာ ၂ ရက်အတွင်း ကြည့်ရှု့မှုပေါင်း ၁ ဒဿမ ၅ သိန်းကျော်ရရှိထားတယ်။
“အာဇာနည်နေ့ ဒေါ်စု ပြန်လွတ်လာပြီ အမေရိကန်အပါဝင် နိုင်ငံတကာရဲ့ ဖိအားကြောင့် လူထုခေါင်းဆောင်ကို ပြည်သူရှေ့ ချပြလိုက်ပြီ”

အချက်အလက်စိစစ်ချက်
ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာတဲ့ သတင်းကို သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ တစုံတရာဖော်ပြချက်မတွေ့ရပါဘူး။
ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Media”အမည်တပ်ထားတဲ့ ယူကျူ့ချန်နယ်ကို ကြည့်မယ်ဆိုရင် သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ ရန်ကုန်ခေတ်သစ် သတင်းဌာနရဲ့ ယူကျူ့ချန်နယ် အမည်နဲ့ အမှတ်တံဆိပ်ကို တုပထားတာ တွေ့ရတယ်။ ဒီချန်နယ်ဟာ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ သတင်းမီဒီယာ တချို့မှာ ဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းတွေနဲ့ လုပ်ကြံရေးသား ပြောဆိုမှုတွေကို ရောနှောဖြန့်ချိလေ့ ရှိပါတယ်။ Fact Crescendo Myanmar ရဲ့အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာကြည့်ပါ။
ဗွီဒီယိုသတင်းခေါင်းစဉ်မှာ ဒီလို လုပ်ကြံရေးသားထားတဲ့ သတင်းခေါင်းစဉ်တပ်ထားချိန်မှာ ဗွီဒီယိုထဲမှာတော့ ရန်ကုန်ခေတ်သစ်သတင်းဌာနက တင်ဆက်ခဲ့တဲ့ အာဇာနည်နေ့မတိုင်ခင် တရက်က ရုပ်သံဖိုင် ပြန်လည် ထုတ်နုတ်ပြီး ပြန်လည်မျှဝေထားခြင်းဖြစ်တယ်။
ဒီသတင်းတုဖြန့်ချိတဲ့ ယူကျူ့ချန်နယ်တွေဟာ အပြင်မှာ လူစိတ်ဝင်စားမှုမြင့်တက်နေတဲ့ အကြောင်းအရာတွေကို လိုက်ပြီး ချိန်သားကိုက် ဖြန့်ချိလေ့ရှိတာလည်းတွေ့ရပါတယ်။
Fact Check: အာဇာနည်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ သတင်းတုတွေ ဖြစ်တယ်
သုံးသပ်ချက်
ရန်ကုန်ခေတ်သစ်သတင်းဌာနကို တုပထားတဲ့ “Khit Thit Media”ယူကျူ့ချန်နယ်ဟာ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေနဲ့ လုပ်ကြံရေးသားဖြန့်ဝေမှုတွေ ဖြန့်ချိတဲ့နေရာဖြစ်တယ်။ အာဇာနည်နေ့မှာ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာပြီဆိုတာ တကယ် မဟုတ်ပါဘူး။

