အာဇာနည်နေ့အခမ်းအနားကအပြန်လမ်းမှာ သမ္မတတဖြစ်လဲ စစ်ခေါင်းဆောင်ဟောင်း မင်းအောင်လှိုင်နဲ့ ဝန်ကြီးတွေ ဖောက်ခွဲတိုက်ခိုက်ခံရ ဗွီဒီယို ယူကျူ့မှာ ပျံ့နှံ့မှု အားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု သာဖြစ်တယ်။။
ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားတဲ့ ဗွီဒီယိုပို့စ်ရဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။
“စစ်တပ် အာဇာနည်နေ့ ဗုံးပေါက်ကွဲ
မင်းအောင်လှိုင်နဲ့ ဝန်ကြီး များ အပြန်လမ်းမှာ ပေါက်ကွဲ
ဘောမတွေနဲ့ စစ်တပ်အနား နေတဲ့ ပြည်သူတွေ လည်း ထိကုန်ပြီ ဒဏ်ရာရ သူ များပြားဟုသတင်းထွက်ပေါ်”(မူရင်းအရေးအသား)

အချက်အလက်စိစစ်ချက်
အာဇာနည်နေ့ အခမ်းအနားက အပြန်လမ်းမှာ မင်းအောင်လှိုင်နဲ့ ဝန်ကြီးတွေ ဖောက်ခွဲတိုက်ခိုက်ခံရမှု ဒီသတင်းကို ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာ တစုံတရာဖော်ပြချက်မတွေ့ရပါဘူး။
ဗွီဒီယိုဖြန့်ဝေထားတဲ့ “Mandalay Khitthit ”အမည်တပ်ထားတဲ့ ယူကျူ့ချန်နယ်ဟာ သတင်းလုပ်ငန်း လုပ်ကိုင်နေတဲ့ သတင်းမီဒီယာ တချို့မှာ ဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းတွေနဲ့ လုပ်ကြံရေးသား ပြောဆိုမှုတွေကို ရောနှောဖြန့်ချိလေ့ ရှိပါတယ်။ Fact Crescendo Myanmar ရဲ့အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာကြည့်ပါ။
ဗွီဒီယိုသတင်းခေါင်းစဉ်မှာ ဒီလို လုပ်ကြံရေးသားထားပေမဲ့ ဗွီဒီယိုထဲမှာ ပြောကြားရေးတဲ့အသံဖိုင်ဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးတွေ၊ ၈၈ အရေးအခင်း၊ ရွှေဝါရောင်တော်လှန်ရေးနဲ့ နွေဦးတော်လှန်ရေးတစ်လျှောက် ကျဆုံးခဲ့ကြတဲ့ ဒီမိုကရေစီသူရဲကောင်းတွေကို နံနက် ၁၀ နာရီ ၃၇ မိနစ်မှာ ဥဩဆွဲပြီ အမှတ်တရ ဂုဏ်ပြုအလေးပြုကြမယ်ဆိုပြီး ပြောဆိုထားတဲ့ ရုပ်သံဖိုင်တခုသာဖြစ်တယ်။ ဒီဗွီဒီယိုထဲမှာလည်း လက်ရှိ သမ္မတ တဖြစ်လဲ စစ်ခေါင်းဆောင် တိုက်ခိုက်ခံရတဲ့ အကြောင်းမပါဝင်ပါဘူး။
ဒီသတင်းတုဖြန့်ချိတဲ့ ယူကျူ့ချန်နယ်တွေဟာ လူစိတ်ဝင်စားမှုမြင့်တက်နေတဲ့ အပြင်က အဖြစ်အပျက် အကြောင်းအရာ တွေနဲ့လိုက်ပြီး ချိန်သားကိုက် လုပ်ကြံရေးသား ဖြန့်ချိလေ့ရှိတာလည်းတွေ့ရပါတယ်။
Fact Check: အာဇာနည်နေ့ ဗုံးပေါက်ကွဲမှု လူ ၈၀ ကျော်သေဆုံးတဲ့ သတင်းတု
သုံးသပ်ချက်
ဗွီဒီယိုဖြန့်ဝေထားတဲ့ “Mandalay Khitthit” ယူကျူ့ချန်နယ်ဟာ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေနဲ့ လုပ်ကြံ ရေးသားဖြန့်ဝေမှုတွေ ဖြန့်ချိတဲ့နေရာဖြစ်တယ်။ အာဇာနည်နေ့မှာ စစ်ခေါင်းဆောင်ဟောင်းနဲ့ ဝန်ကြီးတွေ တိုက်ခိုက်ခံရတယ်ဆိုတာ တကယ် မဟုတ်ပါဘူး။

