
အစ္စလာမ္မစ်နိုင်ငံများအဖွဲ့(OIC) က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီကို ထောက်ပံကြေးများယူထားပြီး ရိုဟင်ဂျာမှာ သူတို့ အလိုကျ မလုပ်ခဲ့တဲ့အတွက် တရားစွဲဆိုဖို့နိုင်ဖို့ အဖွဲ့ဝင်နိုင်ငံတွေက လက်မှတ်ထိုးတောင်း ဆိုကြဖို့ OIC အဖွဲ့အတွင်းရေးမှူးက တိုက်တွန်းတယ်ဆိုတဲ့ ပို့စ်တစ်ခုကို ပျံ့နှံ့လျက်ရှိပါတယ်။
ဒီဗွီဒိုယိုဖိုင်ကို “Nay Thurain” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက “ဦးဌေးအောင်ကြီးက အချိန်ကိုက်လှုပ်ရှား တာကိုးဗျ။”ဆိုပြီး အောက်ပါအတိုင်းမျှဝေထားရာမှာ ဒီဗွီဒီယိုကို ပြန်လည် မျှဝေသူပေါင်း ၅ ထောင်ကျော်ရှိနေပြီဖြစ်ပါတယ်။
၃ မိနစ်နဲ ၁၈ စက္ကန့်ရှည်ကြာတဲ့ ဗွီဒီယိုထဲမှာ OIC အဖွဲ့ရဲ့ လက်မှတ်ထိုးအခမ်းအနားတစ်ခုဖြစ်ဟန်တွေ့ရပြီး “ြသဂုတ် ၁၁ ရက်နေ့ ကွာလာလမ်ပူမြို့ရဲ့ သတင်းအရ မြန်မာနိုင်ငံရဲ့ လက်ရှိအာဏာရ NLD အစိုးရကို တရားစွဲဆိုနိုင်ရေးအတွက် မိမိတို့အဖွဲ့ဝင်နိုင်ငံများအနေဖြင့် OIC အဖွဲ့ချုပ်ထံ လက်မှတ်ရေးထိုး တောင်းဆိုကြဖို့ OIC အတွင်းရေးမှူးချုပ် ယူဆက်ဖ်အေအယ်သိုသာမိ(Yousef A. Al-Othaimeen)ကပြောကြားလိုက်တယ်လို့ သိရပါတယ်”စသည်ဖြင့် ဗွီဒီယိုအဖွင့်ကို မြန်မာဘာသာနဲ့ သတင်း တင်ဆက်ထားပြီး ၂၀၁၃ ခုနှစ်တည်းက OIC အဖွဲ့က NLD အစိုးရအောင်နိုင်ရေးအတွက် ထောက်ပံ့မှုများပေးခဲ့ပြီး NLD က အနိုင်ရရှိခဲ့ရင် ရိုဟင်ဂျာတွေ မြန်မာနိုင်ငံအတွင်း အခြေချနေထိုင်နိုင်ရန်အတွက် အတားအစီးဖြစ်နေတဲ့ ဥပဒေများကို ဖျက်သိမ်းပေးဖို့ ကတိပြုခဲ့ကြောင်းနဲ့ အခုချိန်မှာ NLD အစိုးရသည် ကတိမတည်တဲ့အတွက် OIC အဖွဲ့ဝင်တွေအနေနဲ့ နိုင်ငံတကာတရားရုံးများတွင် တရားစွဲဆိုကြဖို့ အိုအိုင်စီအတွင်းရေးမှူးက တိုက်တွန်းခဲ့တ ယ်လို့ ပြောကြားထားတာတွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်
ပထမဆုံး Google မှာ “oic to sue nld”၊ “oic secretary general urge to sue myanmar”စသည်ဖြင့် အဓိကကျတဲ့စကားလုံးတွေအသုံးပြုပြီးရှာဖွေရှာမှာ သတင်းတစ်စုံတစ်ရာမတွေ့ရှိရပါဘူး။
အစ္စလာမ္မစ်နိုင်ငံများအဖွဲ့(OIC) ရဲ့ဖေ့စ်ဘွတ်စာမျက်နှာဖြစ်တဲ့ Organisation of Islamic Cooperation (OIC) ကို ဝင်ရောက်ရှာဖွေကြည့်ရာမှာ ဇွန် ၂၅ ရက်က “Urgent Financial Grants to 21 OIC Member States”ဆိုပြီးတော့ ခေါင်းစဉ်နဲ့ ၁ မိနစ်နဲ့ ၉ စက္ကန့်ကြာတဲ့ ဗွီဒီယိုဖိုင်တစ်ခုကို ထုတ်ပြန်ထားတာတွေ့ရပါတယ်။ COVID-19 ကပ်ရောဂါကြောင့် စီးပွားရေးအကြပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ OIC အနေနဲ့ အထောက်အပံ့ငွေကြေး ပေးအပ်တဲ့ အစီအစဉ်ဖြစ် တယ်လို့လည်း ရေးသားထားပါတယ်။ အောက်ပါလင့်ခ်မှာဝင်ရောက်လေ့ လာနိုင်ပါ တယ်။
ဒီသတင်းကို OIC ဝက်ဘ်ဆိုဒ်မှာလည်း အင်္ဂလိပ်ဘာသာနဲ့တင်ထားတာတွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက် လေ့လာနိုင်ပါတယ်။
“Nay Thurain” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူမျှဝေထားတဲ့ ဗွီဒီယိုဖိုင်ဟာ ဗွီဒီယိုတည်းဖြတ်မှုနည်းလမ်းအသုံးပြုပြီး ဒီဗွီဒီယိုဖိုင်ကို ၃ ကြိမ်အသုံးပြုပြီး ၃ မိနစ်ကျော်ကြာအောင် ဆောင်ရွက်ခဲ့တာတွေ့ရပါတယ်။ “Nay Thurain” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူမျှဝေထားတဲ့ ဗွီဒီယိုဖိုင်နဲ့ Organisation of Islamic Cooperation (OIC) ဖေ့စ်ဘွတ်စာမျက်နှာမှာ တင်ထားတဲ့ ဗွီဒီကို အောက်ပါအတိုင်း နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေ ရိုဟင်ဂျာမှာ သူတို့ အလိုကျ မလုပ်ခဲ့တဲ့အတွက် NLDကို တရားစွဲဆိုဖို့နိုင်ဖို့ အဖွဲ့ဝင်နိုင်ငံတွေက လက်မှတ်ထိုးတောင်းဆိုကြဖို့ OIC အဖွဲ့အတွင်းရေးမှူးကတိုက်တွန်းခဲ့တယ်ဆိုတဲ့ အချက်အလက်ဟာ အချက်အလက်မှားဖြစ်တာတွေ့ရပါတယ်။

Title:NLD ကို OIC အတွင်းရေးမှူးချုပ်က တရားစွဲဖို့တိုက်တွန်းတယ်ဆိုတဲ့ သတင်း ဗွီဒီယိုဖိုင်တု
Fact Check By: Nayar ManugResult: False