Fact Check: စစ်ကိုင်းမြို့နယ်ထဲက ကျေးရွာတစ်ရွာကို လေယာဉ်နဲ့ပစ်ခတ်နေတဲ့ ရုပ်သံဆိုတဲ့ ဗွီဒီယိုသတင်းမှား 

False နိုင်ငံရေး | Politics

စစ်ကိုင်းမြို့နယ်ထဲက ကျေးရွာတစ်ရွာကို လေယာဉ်နဲ့ပစ်ခတ်နေတဲ့ ရုပ်သံဆိုပြီး ဗွီဒီယိုတခု ပျံ့နှံ့နေတာဟာ မှားယွင်းပြောဆိုမှုတခုဖြစ်တာတွေ့ရတယ်။ ဗွီဒီယိုထဲမှာ ရဟတ်ယာဉ် တစီးပေါ်ကနေ ဒုံးကျည်တွေ  ပစ်လွှတ်နေပုံကို လေယာဉ်မှုးခန်းကနေရိုက်ကူးထားဟန်ရှိတဲ့ မြင်ကွင်းကို တွေ့ရပါတယ်။

အမှန်တကယ်မှာတော့ ဗွီဒီယိုပါမြင်ကွင်းမှာ မာလီနိုင်ငံက ဖြစ်စဉ်တခုဖြစ်တယ်။

ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုစခရင်ရှော့နဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ မျှဝေမှုကို ဒီနေရာမှာလည်း တွေ့ရတယ်။ 

 “မအ-လ-တွေဆိုတာ လက်နက်မဲ့ပြည်သူတွေရဲ့ ရွာတွေကို အပေါ်စီးကနေ ဒီလိုတည့်တည့်ချိ_န်ပ+စ်တာ။ ဒီရုပ်သံဟာ စစ်ကိုင်းမြို့နယ်ထဲက ကျေးရွာတစ်ရွာကို လေယာဉ်နဲ့ပစ်ခတ်နေတာလို့ သိရပါတယ်။”

Original link | Archive link

အချက်အလက်စိစစ်ချက်

ဖြန့်ဝေထားတဲ့ ဗွီဒီယိုကို Google မှာ အရင်က ပျံ့နှံ့ခဲ့ဘူးခြင်းရှိ၊မရှိ ရှာဖွေကြည့်ရာမှာ  တူညီတဲ့ မြင်ကွင်းပါတဲ့ ဒီဗွီဒီယိုဟာ ၂၀၂၆ ခုနှစ် ဧပြီလထဲမှာ အဓိက ပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ မာလီစစ်တပ်ဘက်က ပါဝင်တိုက်ခိုက် ပေးနေတဲ့ ရုရှားထိန်းချုပ်ထားတဲ့ African Corps  ရဟတ်ယာဉ်တစီးဟာ မာလီတော်လှန်ရေးတပ်ဖွဲ့တွေကို ပစ်ခတ်တိုက်ခိုက်နေတဲ့ မြင်ကွင်းဆိုပြီးတော့ အဲဒီအချိန်က ပျံ့နှံ့မှုတွေမှာ ဖော်ပြပါတယ်။ ဒီလင်ခ့်နဲ့ ဒီလင့်ခ်မှာကြည့်ပါ။

အောက်ပါစခရင်ရှော့ကတော့ ဘီဘီစီသတင်းဌာနက‌ ၂၀၂၆ ခုနှစ် ဧပြီ ၂၉ ရက်မှာ ဖော်ပြခဲ့တဲ့ သတင်းဆောင်းပါတပုဒ်မှာ တွေ့ရတဲ့ ဗွီဒီယိုပါမြင်ကွင်းဖြစ်တယ်။ 

“တိုက်ခိုက်ရေးရဟတ်ယာဉ်၏ လေယာဉ်မောင်းခန်းမှ ရိုက်ကူးထားသော နောက်ထပ်ဗီဒီယိုတစ်ခုတွင် မြေပြင်ပေါ်ရှိပစ်မှတ်များကို ဒုံးကျည်များပစ်လွှတ်နေသည်ကို ပြသထားပြီး မြို့ပြင်မှ ရိုက်ကူးထားသော ဗီဒီယိုတစ်ခုတွင် ရုရှားရဟတ်ယာဉ်၏ တိုက်ခိုက်မှုအပြီး မီးခိုးများ ထွက်လာသည်ကို ပြသထားသည်။

၂၀၂၁ ခုနှစ်တွင် အာဏာရစစ်အစိုးရနှင့် အနောက်နိုင်ငံများကြား ဆက်ဆံရေးပျက်ပြားနေချိန်တွင် ပြင်သစ်တပ်များ ဆုတ်ခွာရန် ဦးတည်သည့်အနေဖြင့် ရုရှား၏ Wagner Group ကြေးစားစစ်သားများသည် မာလီသို့ ရောက်ရှိလာခဲ့သည်။ ရုရှားကြေးစားတပ်ဖွဲ့များ၏ လွတ်လပ်ရေးကို ထိန်းချုပ်ရန် ကရင်မလင်၏ လှုပ်ရှားမှုများကြားတွင် ၎င်းတို့ကို မော်စကိုမှ တိုက်ရိုက်ထိန်းချုပ်ထားသော အာဖရိကတပ်ဖွဲ့ဖြင့် အစားထိုးခဲ့သည်။”လို့ ဘီဘီစီက ဖော်ပြတယ်။ (မူလအင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ ပြန်ဆိုထားသည်)

Original link | Archive link

သုံးသပ်ချက်

မြန်မာစစ်တပ်ဟာ တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေအသုံးပြုကာ စစ်ကိုင်းတိုင်းအပါအဝင် နေရာအတော်များများမှာ တိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။ ဒါပေမဲ့ အထက်မှာဖော်ပြခဲ့တဲ့ ဗွီဒီယိုဟာ  မာလီနိုင်ငံမှာ ရုရှားထိန်းချုပ်ထားတဲ့ African Corps  ရဟတ်ယာဉ်တစီးဟာ မာလီတော်လှန်ရေးတပ်ဖွဲ့တွေကို ပစ်ခတ်တိုက်ခိုက်နေတဲ့ မြင်ကွင်းဖြစ်ပြီး မြန်မာနိုင်ငံက မဟုတ်ပါဘူး။

Result Stamp

Title: Fact Check: စစ်ကိုင်းမြို့နယ်ထဲက ကျေးရွာတစ်ရွာကို လေယာဉ်နဲ့ပစ်ခတ်နေတဲ့ ရုပ်သံဆိုတဲ့ ဗွီဒီယိုသတင်းမှား

Fact Check By: နေရာမောင်

Result: False


Leave a Reply

Your email address will not be published. Required fields are marked *