လားရှိုးနဲ့ ပြင်ဦးလွင်ကို တိုက်ခိုက်မှုစတင်လိုက်သလို NUG အစိုးရနဲ့အတူ ပူးပေါင်းပြီးလို့ ၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့တဲ့ မြောက်ပိုင်းညီနောင် သုံးဖွဲ့က တရားဝင်စစ်ကြေညာခဲ့တာကြောင့် မြန်မာစစ်တပ်က တရုတ်အစိုးရကို ကြားဝင်ဖြန့်ဖြေပေးဖို့ ပန်ကြားလိုက်တယ်လို့ ဆိုပြီး ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုသာ ဖြစ်တယ်။
အောက်ပါ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကတော့ ဒီလိုပြောဆိုမျှဝေထားတဲ့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုက ရယူထားခြင်းဖြစ်တယ်။
“1027 နောက်ဆုံးလိုင်း ပြန်စပြီး တပ်စခန်း ၉ သိမ်း စစ်တပ်က တရုတ်ကြားဝင်ပေးရန် အရေးပေါ် တောင်းဆို လားရှိုးနဲ့ ပြင်ဦးလွင်ကို ညီနောင် သုံးဖော် ပြန်တိုက်ပြီ NUG အစိုးရနဲ့အတူ ပူးပေါင်းပြီးဟု တရားဝင်စစ်ကြေညာ”
အချက်အလက်စိစစ်ချက်
တကယ်တမ်းမှာ ဒီလို ညီနောင်သုံးဖွဲ့က မြန်မာစစ်တပ်ကို ထပ်မံတိုက်ခိုက်ဖို့ ကြေညာလိုက်ပြီဆိုတာဖြစ်စေ တရုတ်ကြားဝင်မှုနဲ့ ကာလအတော်ကြာ တိုက်ပွဲတွေ ငြိမ်သက်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ပြန်လည် စတင်တာဖြစ်စေ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဖော်ပြချက် တစုံတရာ မတွေ့ရပါဘူး။
ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Mandalay”ယူကျူ့ချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar က မကြာခဏ အချက်အလက်စိစစ် ဖော်ပြခဲ့ပြီးဖြစ်တယ်။ ဒီချန်နယ်ဟာ လုပ်ကြံရေးသားပြော ဆိုမှုတွေဖြန့်ချိသလို သတင်းမီဒီယာတွေမှာဖော်ပြပြီး သတင်းတွေကို ခေါင်းစဉ်တုတပ်ကာဖြန့်ချိတာတွေ ပြုလုပ်ပါတယ်။
၂၁ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ တကယ်တမ်းဖော်ပြထားတာကတော့ “Breaking Brainwashed”ချန်နယ်မှာ CDM ဗိုလ်ကြီးထက်မြက်ရဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိမြန်မာနိုင်ငံကို လာရောက်စဉ်ခဲ့စဉ်က သတင်းတွေကို ပြန်လည်သုံးသပ်ဖော်ပြခဲ့တဲ့ ဗွီဒီယိုဟောင်းတခုကို ပြန်လည်ဖော်ပြနေခြင်းဖြစ်တယ်။
သုံးသပ်ချက်
“Khit Thit Mandalay”ဟာ သတင်းခေါင်းစဉ်တုတပ်ပြီး သတင်းမီဒီယာတချို့က သတင်းတွေကို ပြန်လည်ဖြန့်ချိတာ ဒါမှမဟုတ် လုပ်ကြံရေးသားပြော ဆိုမှုတွေ ဖြန့်ချိတဲ့ ယူကျူ့ချန်နယ်တခုက ဖြန့်ချိထားတယ်။ ၁၀၂၇ စစ်ဆင်ရေး ပြန်စပြီး လားရှိုးနဲ့ ပြင်ဦးလွင်ကို ညီနောင်သုံးဖွဲ့ ပြန်တိုက်ပြီဆိုတာ သတင်းတုဖြစ်တယ်။

