ရဟတ်ယာဉ် ပစ်ချခံရမှုမှာ ဒုတပ်ချုပ် ကျော်စွာလင်း သေဆုံးသွားတယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာတွေ့ရတယ်။ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။
ယူကျူ့မှာဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုစခရင်ရှော့နဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။
“စစ်တပ်ရဲ့ အကြီးဆုံး ရဟက်ယာဉ် ပစ်ချ ဒုတပ်ချုပ် ကျော်စွာလင်း သေဆုံးကြောင်း သတင်းထွက်ပေါ် ၊ စစ်ရုံးချုပ်အတွင်းပွဲဆူပြီ”

အချက်အလက်စိစစ်ချက်
ဗွီဒီယိုဖြန့်ဝေထားတဲ့ “Yangon Khit Thit ”ယူကျူ့ချန်နယ်ဟာ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ သတင်းမီဒီယာ တချို့မှာ ဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းတွေကို ပြန်လည်ကူးယူပြီး ခေါင်းစဉ်တုတပ်ဖြန့်ချိပါတယ်။ တခါတရံမှာ လုပ် ကြံရေးသားပြောဆိုမှုတွေနဲ့ သတင်းတွေကို ရောနှောဖြန့်ချိလေ့ ရှိပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်တဲ့ Fact Crescendo Myanmar က အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။
အခုလည်း တကယ်တမ်း ဗွီဒီယိုထဲမှာဖော်ပြထားတဲ့အကြောင်းအရာဟာ “Breaking Brainwashed”ချန်နယ်မှာ ဖော်ပြခဲ့တဲ့ CDM ဗိုလ်ကြီးထက်မြက်ရဲ့ သတင်းသုံးသပ်ချက် ဗွီဒီယို ပြန်လည်ဖော်ပြနေခြင်းဖြစ်တယ်။ ဒီ သတင်းသုံးသပ်ချက် ဗွီဒီယိုထဲမှာ အဓိကအားဖြင့် မြိုင်မြို့နယ်မှာ တော်လှန်ရေးတပ်တွေက စစ်တပ်ရဟတ်ယာဉ် ပစ်ချခံရမှု သတင်းနဲ့ တခြားသော သတင်းတွေကို ပြန်လည်ဖော်ပြထားတယ်။ ဒီပစ်ချခံရမှုမှာ တပ်ကြပ်ကြီး တဦးသေဆုံးပြီး တချို့ ဒဏ်ရာရရှိခဲ့တယ်လို့ ရန်ကုန်ခေတ်သစ်က သတင်းဖော်ပြပါတယ်။ တခြားသော သတင်းတပုဒ်မှာတော့ ဗိုလ်မှူးတဦးအပါအဝင် ငါးဦးသေဆုံးတယ်လို့ ဖော်ပြတယ်။
မိနစ် ၂၀ ကျော်ရှည်လျားတဲ့ ဗွီဒီယိုထဲမှာ မကွေးတိုင်းအတွင်း သိမ်းဆည်းရမိတဲ့ လက်နက်တွေ တော်လှန်ရေးအဖွဲ့တွေကြားခွဲဝေမှု၊ စစ်ကောင်စီရဲ့ ရေကြည်က ၁၈၈ ကာကင်းကုန်းစခန်း AA နဲ့ မဟာမိတ်ပူးပေါင်းတပ်များက ဇွန်လ ၂၀ ရက် အပြီးသတ်သိမ်းပိုက်မှုစတဲ့သတင်းတွေကို ပြန်လည်သုံးသပ်ဖော်ပြထားတယ်။
သုံးသပ်ချက်
“Yangon Khit Thit”ဟာ သတင်းခေါင်းစဉ်တုတပ်ပြီး သတင်းမီဒီယာတချို့က သတင်းတွေကို ပြန်လည်ဖြန့် ချိတာ ဒါမှမဟုတ် လုပ်ကြံရေးသားပြော ဆိုမှုတွေ ဖြန့်ချိတဲ့ ယူကျူ့ချန်နယ်တခုက ဖြန့်ချိထားတယ်။ အခုလည်း “Breaking Brainwashed”ယူကျူ့ချန်နယ်က မြိုင်မှာ စစ်တပ်ရဟတ်ယာဉ်ကို တော်လှန်ရေးတပ်တွေက ပစ်ချမှု သတင်းသုံးသပ်ချက် ဗွီဒီယိုကို ပြန်လည်ဖော်ပြထားတယ်။ ဒီတိုက်ခိုက်မှုမှာ သေဆုံးထိခိုက် ဒဏ်ရာရရှိ သူတွေလည်း ရှိခဲ့ပါတယ်လို့ မီဒီယာတွေမှာဖော်ပြပါတယ်။ဒါပေမဲ့ စစ်တပ်က ဒုတပ်ချုပ်ကျော်စွာလင်း သေဆုံးမှုဟာ အထောက်အထားမရှိပါဘူး။

