PDF နဲ့ NUG က သူ့အမည်ကို အလွဲသုံးစားလုပ်ကာ အာဏာရူးပြီး နိုင်ငံကို ဖျက်ဆီးအကြမ်းဖက်လုပ်နေကြောင်း သမ္မတ ဦးဝင်းမြင့်ကပြောကြားလိုက်တယ်လို့ ဆိုထားတဲ့ ပို့စ်တခု ဇွန် ၁၂ ရက်က ဖေ့စ်ဘွတ်မှာ မျှဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းခဲ့တာ တွေ့ရတယ်။ သတင်းတုဖြန့်ချိနေ ခြင်းဖြစ်တယ်။
ဒီလိုပြောဆိုချက်တွေပါဝင်တဲ့ ဖေ့စ်ဘွတ်ပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။
“pdf,nug တွေက အမည်ကို အလွဲသုံးစားလုပ်ကာ အာဏာရူးပြီး နိုင်ငံကို ဖျက်ဆီးအကြမ်းဖက်လုပ်နေကြောင်း သမ္မတဟောင်းလွတ်ငြိမ်း ဦးဝင်းမြင့်က ပြောကြားလိုက်သည်”

အချက်အလက်စိစစ်ချက်
အခုလို ပြောဆိုဖြန့်ဝေနေတဲ့ ဖေ့စ်ဘွတ်အကောင့် လေ့လာကြည့်ရာမှာ မည်သူမည်ဝါဖြစ်ကြောင်း အတည်မပြုနိုင်တဲ့ အကောင့်တု တခုဖြစ်နေပြီး သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ NUG/PDFတွေကို တိုက်ခိုက်ရေးသားမှုတွေ၊ သတင်းမှားတွေ ဆက်တိုက်ဖြန့်ချိထားတာလည်း တွေ့ရပါတယ်။
ပြောဆိုချက်ကို စိစစ်ကြည့်ရာမှာလည်း ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေအပါအဝင် သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ အဓိကျတဲ့ မီဒီယာတွေမှာ ဒီလိုဖော်ပြချက် မတွေ့ရပါဘူး။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းအပြီးကတည်း အဖမ်းဆီးခံထားရတဲ့ သမ္မတဦးဝင်းမြင့်ကို ဒီနှစ် ဧပြီ ၁၇ ရက်မှာ အာဏာသိမ်းစစ်ခေါင်ဟောင်းဖြစ်တဲ့ သမ္မတ တဖြစ်လဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အကျဉ်းထောင်ကနေ ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ နေပြည်တော်က ဦးဝင်းမြင့်ရဲ့နေအိမ်ရှေ့မှာ စစ်တပ်က စောင့်ကြည့် စစ်ဆေးမှုတွေ တင်းကျပ်ပြုလုပ်နေပြီး အကျယ်ချုပ်ပုံစံနဲ့ ထိန်းချုပ်ထားဟန်ရှိပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကတည်း စစ်တပ်ရဲ့ ဖမ်းဆီးခံထားရတဲ့ သမ္မတဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ၂၀၂၁ ခုနှစ်မှာ NUG အစိုးရအဖြစ်ဖွဲ့စည်းစဉ်ကတည်းက အစိုးရအဖွဲ့ ခေါင်းဆောင်တွေအဖြစ် ဆက်လက် ထည့်သွင်းဖွဲ့စည်းထားပါတယ်။
NUG နဲ့ PDF တွေကို မသိသလို အကြမ်းဖက်တွေသာဖြစ်တယ်လို့ ဦးဝင်းမြင့်ကပြောကြားမှုဆိုပြီး ဧပြီလထဲမှာကတည်းက သတင်းတု ဖြန့်ချိခဲ့ပြီး တခြားအချက်အလက်စိစစ်တဲ့ အဖွဲ့တခုက စိစစ်ထားတာကို ဒီလင့်ခ်မှာ ကြည့်ပါ။
သုံးသပ်ချက်
အကျဉ်းထောင်က လွတ်မြောက်လာပေမဲ့ စစ်တပ်က အကျယ်ချုပ်ထိန်းသိမ်းထားဆဲ သမ္မတဦးဝင်းမြင့်က သူ့နာမည်ကို အလွဲသုံးစားလုပ်တဲ့ အကြမ်းဖက်လို့ NUG/PDF တွေကို ပြောဆိုဖြန့်ဝေမှုဟာ လုပ်ကြံရေးသား ဖြန့်ဝေမှုဖြစ်တာတွေ့ရပါတယ်။ ဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်အကောင့်ဟာလည်း ယုံကြည်ရလောက်တဲ့ သတင်းအရင်း အမြစ်တခုက ဖော်ပြချက်မဟုတ်ဘဲ အကောင့်တုတခုက ဖော်ချက်သာဖြစ်တယ်။ ဒီအတွက် ဦးဝင်းမြင့်ရဲ့ ပြောကြားချက်အဖြစ် ဖြန့်ဝေနေတဲ့ အကြောင်းအရာကို သတင်းတုအဖြစ် သတ်မှတ်ပါတယ်။

