စစ်မှုထမ်း ဥပဒေကို ရုပ်သိမ်းလိုက်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ကြေညာလိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရတယ်။ သတင်းတု ဖြန့်ချိ နေခြင်း ဖြစ်တယ်။
ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ချန်နယ်တခုမှာ ဖော်ပြထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။
“စစ်မှုထမ်းဥပဒေ ရုတ်သိမ်းကြောင်း ကြေညာ
တပ်ချုပ်ရဲဝင်းဦး အမိန့်နဲ့ ဖျက်သိမ်း ၊ ပြသာနာ တက်နေကြပြီ ၊
လက်နဲ့ရေးတာ ခြေနဲ့မဖျက်ဖို့ မင်းအောင်လှိုင်ဒေါသထွက်”

အချက်အလက်စိစစ်ချက်
၈ မိနစ်ဝန်းကျင်ရှည်လျားတဲ့ ဗွီဒီယိုရဲ့ ပထမ ၂ မိနစ် ၂၈ စက္ကန့်မှာ စစ်မှုထမ်းဥပဒေကို ဖျက်သိမ်းတဲ့အကြောင်း သတင်းပုံစံနဲ့ ပြောဆိုတင်ဆက်ထားပေမဲ့ ဒီအကြောင်းအရာဟာ လုံးဝလုပ်ကြံရေးသား ဖြန့်ဝေမှုတခုဖြစ်တာ တွေ့ရပါတယ်။
စစ်မှုထမ်း ဥပဒေရုပ်သိမ်းကြောင်း တပ်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးကဖြစ်စေ သမ္မတ တဖြစ်လဲ စစ်ခေါင်းဆောင် ဟောင်း မင်းအောင်လှိုင်က ဖြစ်စေ ကြေညာခဲ့တဲ့အထောက်အထား အဓိကကျတဲ့ မီဒီယာတွေမှာဖြစ်စေ စစ်အစိုးရထိန်းချုပ်ထားတဲ့ သတင်းအရင်းအမြစ်တွေမှာ ဖြစ်စေ ဖော်ပြချက် မတွေ့ရပါဘူး။ တကယ်တမ်းမှာ စစ်တပ်ခေါင်းဆောင်အသစ် ရဲဝင်းဦးက စစ်မှုထမ်းတပ်သားသစ် စုဆောင်းနိုင်မှုကို ရာထူးတိုးပေးမယ့် အရည်အချင်းအဖြစ် ထည့်သွင်းပြီး မက်လုံးပေးလာနေပါတယ်။
စစ်မှုထမ်းဥပဒေကို ဖျက်သိမ်းလိုက်ပြီလို့ ပြောဆိုဖြန့်ဝေထားတ “Yangon Khit Thit”အမည်နဲ့ ယူကျူ့ချန်နယ် ဟာ လုပ်ကြံရေးသားပြောဆိုချက်တွေနဲ့ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းအကြောင်းအရာတွေကို သတင်းခေါင်းစဉ်တပ်ကာ ပြန်လည် ဖြန့်ချိလေ့ရှိပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်တဲ့ အချက်အလက်စိစစ်မှုတွေကို ဒီလင့်ခ်မှာ ကြည့်ပါ။
နောက်ထပ် ဗွီဒီယိုထဲမှာ ဖော်ပြထားတဲ့အကြောင်းအရာတွေကတော့ သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့တဲ့ “စစ်လော်ဘီ ကျော်မျိုးမင်း ဖမ်းဆီးစစ်ဆေးခံရမှု”၊ “ရခိုင်နဲ့ ဧရာဝတီအစပ်က ဂွမြို့နယ်က တိုက်ပွဲသတင်း”စတာတွေပဲဖြစ်တယ်။
သုံးသပ်ချက်
“Yangon KhitThit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ လုပ်ကြံရေးသားပြောဆိုချက်တွေနဲ့ သတင်းခေါင်းစဉ်တု တပ် ဗွီဒီယိုတွေ ဖြန့်ချိတဲ့နေရာဖြစ်တယ်။ အခုလည်း စစ်မှုထမ်း ဥပဒေ ဖျက်သိမ်းကြောင်း စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ကြေညာတယ်ဆိုတာ လုပ်ကြံရေးသားဖြန့်ဝေချက်သာဖြစ်တယ်။

