
NLD ပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့တဲ့ လွှတ်တော် ကိုယ်စားလှယ် ၂၀၀ ဝန်းကျင်ဟာ ပါတီကနေ နှုတ်ထွက်တော့မှာဖြစ်တဲ့အတွက် လာမည့်ကာလတွေမှာ NLD အနေနဲ့ အစိုးရဖွဲ့နိုင်ဖို့ မဖြစ်နိုင်တော့ဘူးလို့ ပြောဆိုထုတ်လွှင့်ချက်တွေပါတဲ့ ဗွီဒီယိုတစ်ခုကို ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ဂဏန်းက မျှဝေထားပါတယ်။
ပျံ့နှံ့လျက်ရှိတဲ့ ဒီ live ဗွီဒီယိုမှာ ဒီဇင်ဘာ၃၁ ရက်ညမှာ အစိုးရသက်တမ်းကုန်မှာလို့ ပြောထားသလို ဒီဇင်ဘာ ၃၁ ည ၁၂ နာရီကျော်တာနဲ့ တပ်မတော်က တာဝန်လွဲယူမယ်လို့လည်းပြောကြားထားပါတယ်။ အနိုင်ရတဲ့ NLD ပါတီအနေနဲ့လည်း အမတ် ၂၀၀ ဝန်းကျင်ကလည်း ပါတီကနေ နှုတ်ထွက်မှာဖြစ်တဲ့ အတွက် အစိုးရဖွဲ့နိုင်မှာ မဟုတ်ဘူးလို့ အဓိကအားဖြင့် ပြောဆိုမျှနေထားတာလည်း တွေ့ရပါတယ်။
လူမှုကွန်ယက်အသုံးပြုသူများကို နားလည်မှုလွဲစေနိုင်တဲ့ ပြောဆိုချက်နဲ့ အရေးအသားတွေပါဝင်တဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။ ဒီဇင်ဘာ ၃၁ ရက်ည ၈ နာရီဝန်းကျင်မှာ “ရာပြည့်ကျော်” အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူက ၂၇ မိနစ်နဲ့ ၃၂ စက္ကန့်အကြာ live ထုတ်လွှင့်ခဲ့တာဖြစ်ပြီး ၂၄ နာရီအတွင်း ဒီဗွီဒီယိုကို ပြန်လည် မျှဝေမှု ၃ ထောင် ၄ ရာကျော်ရှိခဲ့ပါတယ်။ အနိုင်ရ NLD လွှတ်တော် ကိုယ်စားလှယ် ၂၀၀ ဝန်းကျင်နှုတ်ထွက်တော့ မယ် ရေးသားမျှဝေခဲ့တဲ့ ပို့စ်တွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရ ပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
၂၀၂၀ ခုနှစ် ဇန်နဝါရီ ၁ ရက်မှာ အစိုးရသက်တမ်းကုန်မှာဖြစ်ပြီး ကာကွယ်ရေးဦးစီးချုပ်က ၂ လတာအုပ်ချုပ်မယ် လို့ ရေးသားပြီး သတင်းမှားဖြန့်ဝေခဲ့တာကို Fact Crescendo Myanmar က အချက်အလက်စိစစ်ထားတာကို ဒီလင့်ခ်မှာ လေ့လာနိုင်ပါတယ်။
ရွေးကောက်ခံရတဲ့ လွှတ်တော် ကိုယ်စားလှယ် ၂၀၀ ဝန်းကျင် NLD ပါတီကနေ နှုတ်ထွက်မယ်ဆိုပြီး ပြောဆိုမျှဝေနေတာနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဗဟိုပြန်ကြားရေး ကော်မတီဝင် မုံရွာအောင်ရှင်ကို Fact Crescendo Myanmar ကဆက်သွယ်အတည်ပြုရာမှာ အောက်ပါအတိုင်း ပြောပါတယ်။
“မဟုတ်တာလျှောက်ရေးတာပါ။ မဟုတ်ပါဘူး။ (လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့)သူတို့ကိုယ်သူတို့တောင်မှ အပယ်မခံရအောင် မနည်း ကြိုးစားနေရတာ ဘယ်လိုလုပ်ပြီးတော့ နှုတ်ထွက်မလဲ။ အဲဒါမဟုတ်ပါဘူးလို့ပဲ ပြောချင်ပါတယ်။မရှိနိုင်ပါဘူး။ ဘယ်တော့မှလဲ ရှိပါမဟုတ်ပါဘူး”
ယခုရက်ပိုင်းအတွင်းမှာ NLD ကတိုင်းရင်းသားနက်ကိုင်တွေနဲ့ပေါင်းပြီး မြို့သိမ်းတိုက်ပွဲ ဆင်နွှဲမယ်လို့ သတင်းမှားဖြန့်ဝေခဲ့ ပါသေးတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်အရ ဗွီဒီယိုမှာပါတဲ့ ဇန်နဝါရီ ၁ ရက်မှာ အစိုးရသက်တမ်းကုန်ပြီ၊ တပ်မတော်က အာဏာရယူမယ်၊ ရွေးကောက်ခံ NLD လွှတ်တော်ကိုယ်စားလှယ် ၂၀၀ ဝန်းကျင် ပါတီကနေနှုတ်ထွက်တော့ မယ်ဆိုတဲ့ အချက်အလက်တွေဟာ ထင်ယောင်ထင်မှားဖြစ်အောင် မျှဝေနေတဲ့ သတင်းတု သတင်းမှားထုတ်လွှင့်နေခြင်းဖြစ်ပါတယ်။

Title:ရွေးကောက်ပွဲနိုင်ခဲ့တဲ့ ကိုယ်စားလှယ် ၂၀၀ ဝန်းကျင် NLD ပါတီက နှုတ်ထွက်မယ်လို့ သတင်းမှားဖြန့်
Fact Check By: Nayar MaungResult: False