
မဲရုံမှူး၊ မဲရုံစောင့်ဆရာ၊ ဆရာမတွေ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေ၊ ကိုယ်စားလှယ်လောင်းတွေနဲ့ ဝန်ကြီးချုပ် တွေကို ဇန်နဝါရီလ ၂၃ရက်နေ့မှာ သက်ဆိုင်ရာရဲစခန်းကနေ ဝရမ်းထုတ်ပြီး ဖမ်းဆီးမယ်လို့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်မှာ ရေးသားမျှဝေနေတာတွေ့ရပါတယ်။
ဒီပို့စ်အပြည့်အစုံကတော့ “ဘာထူးလဲမေးနေသူတွေအတွက်ပါ။ (၂၃-၀၁-၂၀၂၁)မှာလူဖမ်းပွဲစမယ်၊ အပြစ်ရှိသူ အားလုံးကို သက်ဆိုင်ရာရဲစခန်းတွေက ဝရန်းထုတ်ပြီးဆင့်ခေါ်လိမ့်မယ်၊ မိမိအမှားကို ဝန်ခံသူတွေအတွက် သက်သာရာရမယ် ၊ အမှားဝန်မခံသူတွေကို သူတို့ကျူးလွန်ခဲ့တဲ့အထောက်အထားတွေကို ဓါတ်ပုံ ဗီဒီယိုသက်သေ တွေနဲ့ ထုတ်ပြလိမ့်မယ်၊ အနဲဆုံးပြစ်ဒဏ် (၃)နှစ်ကနေ (၅)နှစ်အထိကျခံရနိူင်တယ်၊ ဆရာ/ဆရာမ အယောက် တသောင်းကျော်၊ မဲရုံမှူး၊ မဲရုံတာဝန်ရှိသူရပ်ကျေးအုပ်ချုပ်သူ အယောက်တသောင်းကျော်၊ ကိုယ်စာလှယ်လောင်း တရာကျော်၊ ဝန်ကြီးချုပ် (၈)ယောက်၊ အခြားကူညီပံ့ပိုးသူ နှစ်သောင်းကျော် ပါတယ်လို့သိရတယ် ၊ ဒီလောက်ပါဘဲ ၊ ဆက်လက်စုံစမ်းနေပါတယ်။”လို့ ရေးသားထားပါတယ်။ ဒီပို့စ်ကိုပဲ ဒီနေရာ ဒီနေရာနဲ့ ဒီနေရာတွေမှာ ပြန်လည်မျှဝေနေတာတွေ့ရပါတယ်။ မူရင်းပို့စ်ကို အောက်ပါလင့်ခ်မှာ ဝင်ရောက်ကြည့်ရှူ့နိုင်ပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
အထက်ပါပို့စ်ကိုရေးသားသူ Aung Min Aungဆိုတဲ့ အကောက်ပိုင်ရှင်(အောင်မင်း)ဟာ ရွေးကောက်ပွဲမတိုင်ခင် ကာလမှာကတည်းက သတင်းဌာနဆန်ဆန် Myanmar Hard Talkဆိုတဲ့ ဖေ့စ်ဘွတ်ခ်ပေ့ချ်ရဲ့ adminအဖွဲ့ဝင် ဖြစ်ပြီး အဲ့ဒီပေ့ချ်ကနေ ဒေါ်အောင်ဆန်းစုကြည်၊ NLDပါတီ၊ အစိုးရနဲ့ ရွေးကောက်ပွဲကော်မရှင်တို့ကို တိုက်ခိုက် လုပ်ကြံတဲ့ သတင်းအတု၊ သတင်းအမှားတွေကို ရေးသားလေ့ရှိပါတယ်။ ဒီလိုသတင်းအမှားတွေ ဆက်တိုက်ဖြန့်ချိ ရေးသားတာကြောင့် Myanmar Hard Talk pageကို ဖေ့စ်ဘွတ်ခ်က ပိတ်ပင်ခဲ့ပါတယ်။ Myanmar Hard Talk pageက ရေးသားခဲ့တဲ့ သတင်းအတု သတင်းအမှားတွေကို ဒီနေရာ ဒီနေရာနဲ့ ဒီနေရာတွေမှာ ဝင်ရောက ်ကြည့်ရှူ့နိုင်ပါတယ်။
ရွေးကောက်ပွဲပြီး နောက်ပိုင်းမှာ ရွေးကောက်ပွဲနဲ့သက်ဆိုင်တဲ့သတင်းအမှားတွေ အမြောက်များပြန့်နှံ့ခဲ့ကာ ဒီပို့စ်မှာပါတဲ့ မဲရုံမှူး၊ မဲရုံစောင့် ဆရာ၊ ဆရာမတွေကို ဖမ်းမယ်ဆိုတာမျိုးလို သတင်းအတုတွေလည်းပြန့်နှံ့ခဲ့တာ တွေ့ရပြီး ဒီနေရာနဲ့ ဒီနေရာတွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။ ဒါ့အပြင် ယခုပို့စ်လို ဖမ်းဆီးမယ်ဆိုတဲ့ သတင်းနဲ့အလားတူ ဗိုလ်ချုပ်ဇော်မင်းထွန်းက အာဏာသိမ်းမယ်ဆိုတဲ့ သတင်းအတုတွေလည်း ပျံ့နှံ့ခဲ့ပါသေးတယ်။
အထက်ပါပို့စ်နဲ့ ပတ်သက်ပြီး NLDပါတီရဲ့ ဗဟိုပြန်ကြားရေးအဖွဲ့အတွင်းရေးမှူးမုံရွာအောင်ရှင်ကို Fact Crescendo Myanmarက ဆက်သွယ်မေးမြန်းရာမှာတော့ “ဘယ်လိုလုပ်ဖြစ်နိုင်မှာလည်းဗျာ၊ မဟုတ်တဲ့သတင်းအမှားတွေနဲ့ လူထုကို အမျိုးမျိုးလိမ်ပြီး တမင်လုပ်နေကြတာ”လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ မဲရုံမှူးဆရာ/မတွေ၊ အုပ်ချုပ်ရေးမှူးတွေ၊ ကိုယ်စားလှယ်လောင်းတွေနဲ့ ဝန်ကြီးချုပ်တွေကို ၂၃ရက်နေ့မှာဖမ်းမယ်ဆိုတဲ့သတင်းဟာ သတင်းအမှားဖြစ်တာကို တွေ့ရပါတယ်။

Title:Fact Check: မဲရုံမှူးဆရာ/မတွေ၊ အုပ်ချုပ်ရေးမှူးတွေ၊ ကိုယ်စားလှယ်လောင်းတွေနဲ့ ဝန်ကြီးချုပ်တွေကို ၂၃ရက်နေ့မှာ ဖမ်းမယ်ဆိုတဲ့ သတင်းအမှား
Fact Check By: Lynn YuResult: False