Fact Check: သီတဂူဆရာတော်ရဲ့ “လ”ထွက်တဲ့ ဓာတ်ပုံဟာပြုပြင်ဖန်တီးထားခြင်း သာဖြစ်

Altered လူမှုရေး

သီတဂူဆရာတော်ကြီးရဲ့ နောက်ကျောက ထူးဆန်းစွာပေါ်နေတဲ့ “လ”တစ်စင်အကြောင်း သိပ္ပံ ပညာရှင်တွေ ကိုယ်တိုင် တအံ့တဩဖြစ်နေကြောင်း Time မဂ္ဂဇင်းက ဖော်ပြခဲ့တယ်ဆိုပြီးတော့ရေးသားထားတဲ့  ဓာတ်ပုံပို့စ် တစ်ခု ကို ဖေ့စ်ဘွတ်အသုံးပြုသူ ရာဂဏန်းက မျှဝေလျှက်ရှိပါတယ်။ ဓာတ်ပုံရဲ့ အပေါ်ဖက်မှာ Time 100 လို့ရေးသား ထားသလို အောက်ခြေမှာ လထွက်ရမယ်အချိန်မဟုတ်ဘဲ သီတဂူဆရာတော်ရဲ့ နောက်ကျောမှာ လထွက်နေခြင်းအပေါ် သိပ္ပံပညာရှင်တွေ အဖြေမရှိဖြစ်နေလို့ အဓိပ္ပာယ်ရှိတဲ့ စာသားကို အင်္ဂလိဘာသာနဲ့ ရေးသား ထားပါတယ်။

သို့သော် ဓာတ်ပုံဟာ သီတဂူဆရာတော်ရဲ့ လူမှုကွန်ယက်စာမျက်နှာက ဓာတ်ပုံတစ်ပုံကိုပြုပြင်ဖန်တီးမျှဝေနေခြင်း ဖြစ်တာတွေ့ရပါတယ်။

“#လမင်းကြီးကတောင် ဦးခိုက်ရသတဲ့

#မြန်မာပြည်မှ ထင်ရှားကျော်ကြားသော 

#သီတဂူဆရာတော်ကြီးအား ဓာတ်ပုံ

#ရိုက်ယူနေချိန်တွင် မွန်းတည့်ချိန်၌ 

#ပေါ်လာစရာအကြောင်း လုံးဝမရှိသော “လ”သည် ဝိုင်းစက်လှပစွာ ပေါ်ထွန်းလာသည်ကို သိပ္ပံပညာရှင်များကပင် အဖြေရှာမရအောင် တအံ့တကြ ဖြစ်နေရသည်ဟု ကမ္ဘာကျော် TIME magazine မှ  တလေးတစား ဖော်ပြထားသည်ကို ယနေ့ရက်စွဲဖြင့် တွေ့ရှိရပါတယ်။

#မူရင်းတင်ပြသူအား လေးစားစွာဖြင့်

Credit;  Nay Thurain.”လို့ရေးသားပြီး “ဝ လုံး”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက စက်တင်ဘာ ၂၉ ရက်မှာ မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၄၀၀ ကျော်ရှိပါတယ်။ တူညီစွာရေးသားမျှဝေထားတဲ့ပို့စ်တွေကို ဒီနေရာဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါ တယ်။

မူရင်းလင်ခ့် – Fb linkArchive link

အချက်အလက်စိစစ်ချက်

ဓာတ်ပုံဟာ သီတဂူ ဆရာတော်ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာဖြစ်တဲ့ “Venerable Ashin Nyanissara”မျက်နှာဖုံး ဓာတ်ပုံဖြစ်တာတွေ့ ရပါတယ်။   ဒီဓာတ်ပုံကို ၂၀၂၁ ခုနှစ်၊ ဇွန်လ ၆ ရက်က တင်ထားတာ တွေ့ရပါတယ်။ 

မူရင်းလင်ခ့် – Venerable Ashin NyanissaraArchive link

မူရင်းဓာတ်ပုံမှာ နောက်ခံမှာ “လ”ပေါ်နေတာမရှိပါဘူး။ ဓာတ်ပုံ ၂ ပုံကို အောက်ပါအတိုင်းယှဉ်ကြည့်နိုင်ပါတယ်။

တကယ်တော့ Time မဂ္ဂဇင်းက သီတဂူဆရာတော်အကြောင်းရေးသားဖော်ပြခဲ့ခြင်းမရှိသလို ဓာတ်ပုံဟာလည်း Time မဂ္ဂဇင်းနဲ့သက်ဆိုင်ခြင်းမရှိကြောင်း အခြားသော အချက်အလက်စိစစ်ရေးအဖွဲ့ဖြစ်တဲ့ AFP ကို မဂ္ဂဇင်း တာဝန်ရှိသူက ဖြေကြားထားပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်အရ သီတဂူဆရာတော်နောက်ကွယ်က “လ”ဟာ ထပ်မံဖန်တီးချက်ဖြစ်ပြီး သိပ္ပံ ပညာရှင်တွေကိုယ်တိုင် တအံ့တဩဖြစ်နေကြောင်း Time မဂ္ဂဇင်းရေးသားတယ်ဆိုတာဟာလည်း မဟုတ်ပါဘူး။

Avatar

Title:သီတဂူဆရာတော်ရဲ့ “လ”ထွက်တဲ့ ဓာတ်ပုံဟာပြုပြင်ဖန်တီးထားခြင်း သာဖြစ်

Fact Check By: Nayar Maung 

Result: Altered


Leave a Reply

Your email address will not be published. Required fields are marked *