Fact Check: ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာတဲ့ သတင်းတု

False နိုင်ငံရေး | Politics

နေပြည်တော်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် စစ်အစိုးရက ပြန်လွတ်ပေးလိုက်ပြီလို့ ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာတွေ့ရပါတယ်။ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။ နိုင်ငံတကာကြက်ခြေနီအဖွဲ့ ကိုယ်စားလှယ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော်မှာ စစ်အစိုးရတွေ့ဆုံပေးခဲ့မှုဟာ ပြန်လည်လွတ်မြောက်လာခြင်းမဟုတ်ပါဘူး။ 

ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတဲ့ နာလည်းမှုလွဲစေနိုင်တဲ့ ဗွီဒီယိုတခုက ဖော်ပြထားတဲ့ စာသားကောက် နုတ်ချက်ကို အောက်မှာကြည့်ပါ။ အလားတူတဲ့ မျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာတွေမှာလည်းတွေ့ရတယ်။

“အမေစုကို လွတ်ပေးလိုက်ရပြီ အာဆီယံ အစည်းဝေးတက်ချင်နေတဲ့ မင်းအောင်လှိုင် အမေစုကို လွတ်ပေးဖို့ သဘောတူလိုက်ပြီ ၊ ပြည်သူတွေနဲ့ တွေ့ဆုံခွင့်ပြုနေပြီ”

Original link | Archive link

အချက်အလက်စိစစ်ချက်

ဒေါ်အောင်ဆန်းစုကြည်ကို ICRC မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်နဲ့ တွေ့ခွင့်ပေးခဲ့ ကြောင်း နေပြည်တော် စစ်အစိုးရ သြဂုတ် ၃ ရက်မှာ ထုတ်ပြန်ချက်တခု ထုတ်ပြန်ခဲ့ပါတယ်။ အခုသတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုထဲမှာလည်း ဒေါ်အောင်ဆန်းစုကြည်ကို ICRC  မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်နဲ့ တွေ့ခွင့် စစ်အစိုးရက ခွင့်ပြုခဲ့တဲ့အကြောင်းသာဖော်ပြထားပြီး နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)က နိုင်ငံတကာစုပေါင်းဖိအားပေးမှုကြောင့် အခုလို တွေ့ဆုံခွင့်ပြုခဲ့ပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းသား တယောက်လိုပဲ စစ်အစိုးရက သဘောထားနေဆဲဖြစ်တယ်လို့ ဝေဖန်တဲ့အကြောင်းတွေ ဖော်ပြထားတယ်။ 

မြန်မာစစ်အစိုးရဲ့ ထိန်းသိမ်းခံထားရသူ တဦးအနေနဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးအတွက် နိုင်ငံတကာလုပ်ထုံးလုပ်နည်းတွေနဲ့အညီ သွားရောက်တွေ့ဆုံခဲ့တာသာဖြစ်တယ်လို့ ‌ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ကြောင်းလည်း ICRC  အတည်ပြုချက် ထုတ်ပြန်ပါတယ်။

ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Media”အမည်နဲ့ ယူကျူ့ချန်နယ်ကို ကြည့်မယ်ဆိုရင် သတင်းလုပ်ငန်း လုပ်ကိုင်နေတဲ့ ရန်ကုန်ခေတ်သစ် သတင်းဌာနရဲ့ ယူကျူ့အမည်နဲ့ အမှတ်တံဆိပ်ကို တုပထားပြီး လုပ်ကြံရေးသားပြောဆိုချက်တွေနဲ့ သတင်းမီဒီယာတွေမှာဖော်ပြခဲ့တဲ့ သတင်းတွေကို ရောနှောဖြန့်ချိလေ့ရှိတဲ့ နေရာတခုဖြစ်တာတွေ့ရပါတယ်။  Fact Crescendo Myanmar က မကြာခဏ အချက်အလက်စိစစ် ဖော်ပြခဲ့ပြီးဖြစ်တယ်။

သုံးသပ်ချက်

ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက ပြန်လွတ်လိုက်ပြီလို့ ရေးသားဖြန့်ဝေထားတဲ့ ယူကျူ့ချန်နယ်တွေဟာ လုပ်ကြံရေးသားပြောဆိုချက်တွေနဲ့ သတင်းမီဒီယာတွေမှာဖော်ပြခဲ့တဲ့ သတင်းတွေကို ရောနှောဖြန့်ချိလေ့ရှိတဲ့ နေရာတွေဖြစ်တာတွေ့ရတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ICRC  ကိုယ်စားလှယ်နဲ့ တွေ့ခွင့်ပေးတာဟာ စစ်အစိုးရက နိုင်ငံရေးအမြတ်ထုတ်ဖို့အတွက် အကျဉ်းသားတဦးရဲ့ ရပိုင်ခွင့်တခုကို ချဲ့ကားပြောဆိုနေခြင်း သာဖြစ်ပြီး ပြန်လည် လွတ်မြောက်လာတယ်ဆိုတာလည်း မဟုတ်ပါဘူး။

Result Stamp

Title: Fact Check: ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာတဲ့ သတင်းတု

Written By: Zun Zee

Result: False