
“Breaking News မင်္ဂလာဒုံမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ် လူနာ ၃ဦး ဖမ်းမိတဲ့ ဗီဒီယိုဖိုင်”ဆိုပြီးတော့ လူမှုကွန်ယက်မှာ ပို့စ်တစ်ခုကို ပြန်လည်မျှဝေနေတာတွေ့ရပါတယ်။ ဗွီဒီယိုဖိုင်ထဲမှာ အမျိုးသားနှစ်ဉီးနဲ့ အမျိုးသမီးတစ်ယောက်စကားပြောနေတာတွေ့ရပြီး အချိန် ၁ မိနစ် ၂၄ စက္ကန့်ရိုက်ကူးထားတာတွေ့ရပါတယ်။ စက္ကန့် ၃၀ နဲ့ ၄၆ စက္ကန့်ကြားမှာ ကားပေါ်က အမျိုးသမီးက အောက်ပါအတိုင်းစကားပြောခဲ့ပါတယ်။
“အစ်မကြီးမှုံ မင်္ဂလာဒုံကတော့ သတင်းထူးပြီ။ မင်္ဂလာဒုံမှာ ရောဂါတွေ့လို့တဲ့ ၃ ယောက်တဲ့ ။သမီးတို့ကားကိုရပ်ထားတယ်သိလား။ ရှေ့မှာ ambulance ကြီးနဲ့ ဆင်းလာတာလည်းအများကြီးပဲ ဟုတ်တယ်။ အိမ်ထဲမှာနေတာ စုစုပေါင်း ၁၁ ယောက်တဲ့။ လူက ၃ ယောက်ကူးတာတဲ့”ဆိုပြီး ပြောကြားထားပါတယ်။
Nay Myo Thu အမည်နဲ့အကောင့်က “သတင်းစုံ”ဖေ့စ်ဘွတ်အုပ်စုမှာ မျှဝေထားပြီး “ဂီတစာဆို ဗိုလ်အောင်ဒင်”အမည်နဲ့အကောင့်က “မူခင်းနှင့်အထူးသတင်းများ”ဖေ့စ်ဘွတ်အုပ်စုမှာ အောက်ပါအတိုင်းမျှဝေထားပါတယ်။

Burma Soruce အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာကလည်း ဒီဗွီယိုကိုမျှဝေထားပါတယ်။

အခြားသောဖေ့စ်ဘွတ်စာမျက်နှာတွေဖြစ်တဲ့ “မြန်မာ့သတင်း”၊ “KBZ Media” နဲ့ “M.N.T” တို့မှာလည်း ဒီဗွီယိုကို ပြန်လည်မျှဝေတာတွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်
၁။ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် မင်္ဂလာဒုံမဲဆန္ဒနယ်အမှတ်(၁)က လွှတ်တော်ကိုယ်စားလှယ် ဉီးထွန်းထွန်းဝင်းက ဗွီဒီယိုထဲမှာပါသလို လူအများအပြားတွေ့တယ်ဆိုတာမဟုတ်ဘူး မြန်မာ Fact Crescendo ကို ပြောပါတယ်။ စင်္ကာပူနိုင်ငံမှာ အိမ်အကူလုပ်ပြီး ပြန်လာတဲ့အမျိုးသမီးမှာ ကိုယ်အပူချိန်မြင့်မားနေတာတွေ့ရ တဲ့အတွက် မြောက်ဥက္ကလာပ ဝေဘာဂီဆေးရုံကြီးမှာ စောင့်ကြည့်လူနာအဖြစ် မတ် ၁၉ ရက်နေ့ (ကြာသပတေး) နေ့က ဆေးရုံးတင်ခဲ့တယ်လို့ ဉီးထွန်းထွန်းဝင်းကပြောပါတယ်။ ဒီဖြစ်စဉ်တစ်လျှောက်လုံးမှာ သူပါဝင်ဆောင် ရွက်ခဲ့ပြီး လက်ရှိအချိန်အထိလည်း လူနာနဲ့ အဆက်အသွယ်ရှိပြီး ကျန်းမာရေးကောင်းမွန် တယ်လို့လည်း ပြောပါတယ်။
၂။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက မတ် ၂၀ ရက် ည ၉ နာရီထုတ်ပြန်ချက်မှာ မင်္ဂလာဒုံမြို့နယ်မှာ မတ် ၁၉ ရက်က သံသယလူနာတစ်ဉီးရဲ့ ဓာတ်ခွဲခန်းအဖြေမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးမတွေ့ရဘူးလို့ဖော်ပြ ထားပါတယ်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနဝက်ဆိုဒ်မှာ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်စောင့်ကြည့်လူနာ၊ သံသယလူနာစာရင်းတွေကို ထုတ်ပြန်ထားတဲ့ dashboard မှာလည်း မတ် ၂၀ ရက် ည ၈ နာရီအချိန်အထိ ကိုရိုနာဗိုင်းရပ်စ်ပို့ တွေ့ရှိအတည်ပြုလူနာမရှိသေးပါဘူး။

၃။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မတ် ၂၀ ရက်မှာ ထုတ်ပြန်တဲ့ နယ်မြေဒေသနဲ့ နိုင်ငံအလိုက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုအခြေအနေနဲ့ သေဆုံးမှုစာရင်းမှာလည်း မြန်မာနိုင်ငံမပါဝင်တာတွေ့ရပါတယ်။

၄။ မင်္ဂလာဒုံမြို့နယ်တွင် စင်ကာပူနိုင်ငံမှ ပြန်လာသည့် အမျိုးသမီးတစ်ဦးအား COVID-19 သံသယလူနာအဖြစ် ဝေဘာဂီဆေးရုံသို့ ပို့ဆောင်ထားပြီး ၎င်းနှင့်အတူ ပြန်လာသည့် လူ ၁၁ ဦးအား လိုက်လံရှာဖွေ နေကြောင်း မင်္ဂလာဒုံမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာမိုးကပြောတယ်ဆိုပြီး eleven media ကမတ် ၂၀ ရက်စွဲနဲ့ သတင်းတင်ထားပါတယ်။
၅။ မင်္ဂလာဒုံမြို့နယ်မှ COVID -19 သံသယရှိလူနာ ပြန်လည်သက်သာလာပြီလို့ မဇျွိမသတင်းဌာနက ရေးသားထားပါတယ်။

သုံးသပ်ချက်
အထက်က အချက်အလက်စိစစ်ချက်တွေအရ “Breaking News မင်္ဂလာဒုံမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ် လူနာ ၃ဦး ဖမ်းမိတဲ့ ဗီဒီယိုဖိုင်”ဆိုပြီး “Nay Myo Thu”၊“ဂီတစာဆို ဗိုလ်အောင်ဒင်”၊ “Burma Source”၊ “မြန်မာ့သတင်း”၊ “KBZ Media” နဲ့ “M.N.T” ကမျှဝေထားတဲ့ ဗွီဒီယိုဖိုင်ဟာ သတင်းအမှားသာဖြစ်ပါတယ်။

Title:မင်္ဂလာဒုံမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ် လူနာ ၃ဦး ဖမ်းမိတဲ့ဆိုတဲ့ ဗီဒီယိုဖိုင်သတင်းအမှား
Fact Check By: နေရာမောင်Result: False